Tuesday, May 21, 2019

ရေလှောင်တမံများ ရေရှည်တည်တံ့ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုအတွက် ယခင်ကထက် ပိုမိုအလေးထား စီမံဆောင်ရွက်လျက်ရှိဟု ဒုတိယဝန်ကြီးပြောကြား

ရေလှောင်တမံများ ရေရှည်တည်တံ့ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုအတွက် ယခင်ကထက် ပိုမိုအလေးထား စီမံဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားသည်။ေ မ ၁၇ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၉ မှ ဦးမြမင်းဆွေက မြန်မာနိုင်ငံရှိ ဆည်မြောင်းတာတမံများ မိုးရာသီကာလ မိုးသည်းထန်စွာ ရွာသွန်းချိန်များတွင် ရေလှောင်တမံ ကျိုးပေါက်မှုများကို ကာကွယ်ရန် မည်သို့စီမံဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။



အဆိုပါမေးမြန်းမှုကို ဒုတိယဝန်ကြီးက “၂၀ဝ၈ ခုနှစ်အတွင်း ကြုံတွေ့ခဲ့ရတဲ့ သဘာဝဘေးကြောင့် ရေလှောင်တမံတွေအပေါ် အကျိုးသက်ရောက်မှု ဖြစ်စဉ်တွေအပေါ်မှာ အတွေ့အကြုံနဲ့ သင်ခန်းစာရယူပြီး တည်ဆောက်ထိန်းသိမ်းထားတဲ့ ရေလှောင်တမံတွေ ရေရှည်တည်တံ့ကြံ့ခိုင်မှုနဲ့ ဘေးကင်းလုံခြုံမှုအတွက် ယခင်ကထက် ပိုမိုအလေးထား စီမံဆောင်ရွက်လျက် ရှိပါတယ်”  ဟု လွှတ်တော်၌ ပြောကြားခဲ့သည်။


ထို့ပြင် ရေလှောင်တမံများတွင် ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်မည့် အခြေအနေရှိလာပါက ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများမှတစ်ဆင့် တမံအောက်ဘက်ရှိ ဒေသခံပြည်သူများသို့ အချိန်မီ အသိပေး နှိုးဆော်အကြောင်းကြားနိုင်ရန်အတွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အလွယ်တကူဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များကို တမံအလိုက် စုဆောင်းပြုစုထားပြီးဖြစ်ကြောင်း၊ ရေလှောင်တမံများ၏ ကြံ့ခိုင်မှုအခြေအနေကို ထိခိုက်စေနိုင်သည့် အကြောင်းတရားများနှင့် ဖြစ်လာနိုင်ဖွယ်ရှိသော အားနည်းချက်များကို လေ့လာဖော်ထုတ်မှုအရ ကြုံတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် အရေးပေါ်ကြုံတင်ကာကွယ်မှု စီမံချက်များကို စနစ်တကျ ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

စိုက်ပျိုးရေရရှိရေး၊ ရေဘေးကာကွယ်ရေးသာမက နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရေး၊ ရေအားလျှပ်စစ်ပါ တွဲဘက်ထုတ်လုပ်နိုင်သည့် အကြီးစားဘက်စုံ အကျိုးပြုရေလှောင်တမံများကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သိုလှောင်နိုင်မည့် ကန်ရေပြည့် ရေလှောင်ပမာဏထက် ပိုမိုပြီးစီးဝင်လာသည့် ရေများကို ရေပိုလွှဲမှတစ်ဆင့် ဖြတ်ကျော်စီးဆင်းစေပြီး မူလမြစ်ချောင်းထဲသို့ အကန့်အသတ်ဖြင့် ဖြည်းဖြည်းချင်း ပြန်လည်စီးထွက်သွားစေခြင်းဖြစ်ကြောင်း၊ ရေပိုလွှဲသည် ရေဖောက်ချ၍ရသည့် အရာမဟုတ်ဘဲ ကန်ရေပြည့်သို လှောင်ပမာဏထက် ကျော်လွန်ပြီး စီးဝင်လာသည့်ရေများ မူလမြစ်ချောင်းများထဲသို့ စီးထွက်သွားစေရန် စနစ်တကျ ဒီဇိုင်းပြု ထည့်သွင်းတည်ဆောက်ထားသည့် ရေအားအဆောက်အအုံတစ်ခုဖြစ်ကြောင်း ゞင်းက ဆက်လက်ပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးက “မိုးရာသီအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ချောင်းတွေက စီးဆင်းလာမယ့်ရေတွေကို ရေလှောင်တမံတွေ တည်ဆောက်ပြီး တားဆီးထိန်းသိမ်းထားနိုင်တဲ့အတွက် ရေလှောင်တမံ၏ အောက်ဘက်ရှိဒေသတွေမှာ အချိန်တိုအတွင်း စီးဆင်းလာတဲ့ ရေတွေကြောင့် ရေကြီးနစ်မြုပ်နိုင်မှု ဘေးအန္တရာယ်မှ လျော့ပါးသက်သာစေတာဖြစ်ပါတယ်။ ရေလှောင်တမံတွေသာမရှိပါက တောင်ကျချောင်းရေတွေ အတားအဆီးမဲ့ အရှိန်အဟုန်နဲ့ စီးဆင်းလာပြီး ရေတိုက်စားမှုဒဏ်ကို ပိုမိုခံရမယ့်အပြင် အချိန်တိုအတွင်း ရေကြီးနစ်မြုပ်စေနိုင်မှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဌာနအနေဖြင့် ရေလှောင်တမံများကို တည်ဆောက်ခဲ့ရာတွင် နောင်ရေရှည်ကြံ့ခိုင်ပြီး လုံခြုံစိတ်ချနိုင်ရေးအတွက် တိကျသေချာစွာ ဒီဇိုင်းပြု တွက်ချက်ပြီး သတ်မှတ်စံချိန် စံညွန်းများနှင့်အညီ အရည်အသွေး ထိန်းချုပ်ဆောင်ရွက်ခဲ့သည့်အပြင် ရှေးယခင်ကပင် ဌာနမှသတ်မှတ် ပြဋ္ဌဌာန်းထားသည့် လုပ်ထုံးလုပ်နည်း၊ ညွန်ကြားချက်များနှင့်အညီ စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း၊ အထူးသဖြင့် တမံနှင့် ဆက်စပ်ရေအားအဆောက်အအုံများကို နေ့စဉ် မျက်မြင်စစ်ဆေးခြင်း အစီရင်ခံစာပါ လုပ်ငန်းစဉ်များအတိုင်း ပုံမှန်စစ်ဆေးလျက်ရှိကြောင်း၊ ရေလှောင်ပမာဏများပြားသည့် တမံများနှင့် သက်တမ်းရင့် တမံများ ဘေးကင်းလုံခြုံစွာဖြင့် ရေရှည်ကြံ့ခိုင်နိုင်ရန် ရည်ရွယ်ပြီး လက်ရှိအခြေအနေအရပ်ရပ်အပေါ် မူတည်ပြီး ဖြည့်စွက်စီမံရန် လိုအပ်သည့် လုပ်ငန်းစဉ်များကို ဌာနအနေဖြင့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီနှင့် ဆည်မြောင်းဝန်ထမ်းဟောင်းများအသင်းတို့မှ အင်ဂျင်နီယာများအနေဖြင့် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးကြောင့် ဆွာရေပိုလွှဲ ကျိုးပေါက်မှုဖြစ်စဉ်နှင့် တောင်နဝင်းတမံ၏ ထိပ်ပြင်တွင် အက်ကြောင်းဖြစ်ပေါ်မှု ဖြစ်စဉ်များအပေါ် ပြည်တွင်းပြည်ပ ပညာရှင်များ၏ ကွင်းဆင်းစစ်ဆေး သုံးသပ်ချက်များအရ တမံနှင့်အနီး ပတ်ဝန်းကျင်ဧရိယာများမှာ ငလျင်အကြိမ်ရေ စိပ်စိပ်လှုပ်ခတ်ခဲ့မှု၏ သက်ရောက်မှုဒဏ်ကြောင့် အောက်ခံအုတ်မြစ်အနေဖြင့် ခံနိုင်ဝန်အား လျော့နည်းကျဆင်းခဲ့ရာမှ ဖြစ်ပေါ်ခဲ့သည်ဟု သုံးသပ်ရရှိကြောင်း၊ တမံများ၏ ဘေးကင်းလုံခြုံမှုအတွက် ကာကွယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဌာနအနေဖြင့် အချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက်လျက်ရှိကြောင်း ဦးလှကျော်က ပြောကြားခဲ့သည်။

No comments:

Post a Comment