Tuesday, May 21, 2019

အီရန် အန္တရာယ် Trump အစိုးရ လွှတ်တော်ကို အစီရင်ခံမည်

အမေရိကန်နဲ့ အီရန်ကြား အပြန်အလှန် ထိုးနှက်ပြောဆိုမှုတွေ ရှိနေချိန်မှာဘဲ ယူရေနီယံ သန့်စင်စွမ်းရည်ကို လေးဆတိုးထားတယ်လို့ အီရန်ဘက်က တနလာင်္နေ့မှာ ပြောဆိုလိုက်ပါတယ်။ ၂၀၁၅ ခုနှစ် နျူးကလီးယားသဘောတူညီချက်မှာ ဖော်ပြထားတဲ့အတိုင်း လက်နက်ထုတ်နိုင်တဲ့အဆင့်နဲ့ အလှမ်းဝေးတဲ့ အရပ်ဘက်စွမ်းအင် အသုံးအတွက် ယူရေနီယံသန့်စင်မှုကို လုပ်သွားမှာဖြစ်တယ်လို့ အီရန် တာ ၀န်ရှိသူတွေက ပြောပါတယ်။
အမေရိကန်သမ္မတ Donald Trump အနေနဲ့ အီရန်အပေါ် ခြိမ်းခြောက်နေမယ့်အစား အလေးဂရုပြုဖို့ ကြိုးစားသင့်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က တနလာင်္နေ့မှာဘဲ ပြောထားတာပါ။ အမေရိကန်နဲ့တိုက်ရင် အီရန်ဆိုတာ အဆုံးသတ်သွားမှာဖြစ်တယ်၊ နောက်ထပ်ဘယ်တော့မှ မခြိမ်းခြောက်ပါနဲ့လို့ သမ္မတ Trump ကတနင်္ဂနွေနေ့က Twitter ပေါ်မှာ ရေးသားခဲ့တာကို အီရန်နိုင်ငံခြားရေးဝန်ကြီးက ခုလိုတုံ့ပြန်လိုက်တာပါ။

အမေရိကန် သမ္မတ Donald Trump နဲ့ အရေးပါတဲ့ အီရန်တာဝန်ရှိသူတို့ကြား မခံချိ မခံသာဖြစ်အောင် အပြန်အလှန် ပြောဆိုနေကြပေမယ်လို့လည်း ဒီကနေ့ အင်္ဂါနေ့မှာတော့ အီရန်ကြောင့် ရင်ဆိုင်လာရတဲ့ ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ Donald Trump အစိုးရရဲ့ ထိပ်တန်းအရာရှိတွေက လွှတ်တော်အမတ်တွေကို ရှင်းပြဖို့ ရှိနေပါတယ်။ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး Mike Pompeo၊ ယာယီ ကာကွယ်ရေးဝန်ကြီး Patrick Shanahan ၊ ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Joseph Dunford နဲ့ အမည်မဖော်တဲ့ ထောက်လှမ်းရေး အ၀န်းအ၀ိုင်းက တာဝန်ရှိသူတဦးတို့က လွှတ်တော်အမတ်တွေကို ရှင်းလင်းတင်ပြဖို့ စီစဉ်ထားတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဆော်ဒီအာရေဗျ ရေနံတွင်းနှစ်ခုကို တိုက်ခိုက်ခဲ့မှုတွေနဲ့ အစောပိုင်းတုန်းက ရေနံတင်သဘောင်္ ၄ စင်းကို အဖျက်အမှောင့် လုပ်ရပ်တွေ အတွက် အီရန်မှာတာဝန်ရှိတယ်ဆိုတဲ့ သဘောမျိုး အမေရိကန် တာဝန်ရှိသူတွေက အရိပ်အမြွက် ပြောကြားပြီး ရက်ပိုင်းအကြာမှာ အမေရိကန် အစိုးရ ထိပ်တန်း အရာရှိတွေက လွှတ်တော် အမတ်တွေကို ရှင်းလင်းတင်ပြဖို့ ဖြစ်လာတာပါ။

အမျိုးသားလုံခြုံရေး အကြံပေး John Bolton က ရှင်းလင်းပြောပြခဲ့အပြီးမှာတော့ အရေးပါတဲ့လွှတ်တော်အမတ်တဦးဖြစ်သူ အထက်လွှတ်တော် အမတ် Lindsey Graham က ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်း အီရန်က တခြားနိုင်ငံရဲ့ ရေနံပိုက်လိုင်းတွေနဲ့ သဘောင်္တွေကို တိုက်ခိုက်ခဲ့ပြီး အီရတ်နိုင်ငံထဲက အမေရိကန် အကျိုးစီးပွားတွေကို ထိခိုက်စေမယ့် ခြိမ်းခြောက်မှုတွေ ဖန်တီးခဲ့တယ်ဆိုတာ ရှင်းပါတယ်လို့ တနလာင်္နေ့မှာ ပြောဆိုခဲ့ပါတယ်။

No comments:

Post a Comment