Tuesday, May 21, 2019

ပဲခူးမြို့ ပျံကျဈေးသည်များအတွက် ညဈေးတန်းစီစဉ်ပေးမည်

ပဲခူးမြို့တွင် ပလက်ဖောင်းကျူး၊ ဈေးလမ်းကျူး၊ ဆိုင်ခန်းကျူးများ ဖြစ်ပေါ်လျက်ရှိပြီး အဆိုပါကျူးကျော်သူများသည် ပျံကျ ဈေးသည်များဖြစ်နေသည့်အတွက် ပြည်သူထိခိုက်မှုအနည်းဆုံးဖြစ်အောင် ရှင်းလင်းမှုအနေဖြင့် ညဈေးတန်းဖော်ဆောင် ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

အကောင်အထည်ဖော်
"ပဲခူးမြို့က ဈေးသည်ကျူးတွေကြောင့် ရုပ်ဆိုးအကျည်းတန်မှုတွေ ဖြစ်နေတယ်။ စိစစ်ကြည့်တဲ့အခါမှာ ပျံကျဈေးသည်တွေ ဖြစ်နေတာကို တွေ့ရှိရတယ်။ စည်းကမ်းတကျပုံဖော်တဲ့နေရာမှာ နွမ်းပါးတဲ့ပြည်သူတွေကို ထိခိုက်မှုသက်သာစေလိုတဲ့အတွက် ညဈေးတန်းဖော်ဆောင်ပေးပြီး ရှင်းလင်းဖယ်ရှားဖို့ရှိပါတယ်။အခုမိုးရာသီကုန်လို့ နွေရာသီရောက်တာနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ"ဟု ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။


စီမံချက်ရေးဆွဲ

ယင်းကဲ့သို့ ညဈေးတန်းဖော်ဆောင်မှုအား စီမံချက်ရေးဆွဲပြီး ပြုလုပ်ပေးမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများ အနေဖြင့် ပြည်သူများ အမြင်မှားမှုမဖြစ်ပေါ်စေရန် ပျံကျဈေးသည်စာရင်း တိကျစွာကောက်ယူရန် လမ်းညွှန်ထားပြီးဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ဂုဏ်ယူဝင့်ကြွား

"ညဈေးတန်းသာ ဖော်ဆောင်ပေးမယ်ဆိုရင် ဒေသထွက်ပစ္စည်းနဲ့ စားစရာတွေက အဓိကရောင်းကုန်ဖြစ်လာလိမ့်မယ်။ ခရီးသွားပြည်သူတွေက ပဲခူးဒေသထွက်ကုန်တွေကို တကူးတက လာရောက်စားသုံးလာမယ်၊ ဝယ်ယူကြလိမ့်မယ်။ အခြားပြည်နယ် နဲ့ တိုင်းဒေသကြီးတွေက ညဈေးတန်းတွေကို လေ့လာကြည့်တဲ့အခါမှာ ဒေသခံပြည်သူတွေက သူတို့ရဲ့ဓလေ့ထုံးတမ်းတွေနဲ့ သူတို့ရဲ့ဒေသထွက်ကုန်တွေကို ဂုဏ်ယူဝင့်ကြွားပြီး ညဈေးတန်းကို လာရောက်လေ့ရှိတယ်"ဟု ပဲခူးတိုင်းဒေသကြီးလွှတ်တော် မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောဆိုသည်။

No comments:

Post a Comment