Tuesday, May 21, 2019

သိမ်းဆည်းခံ လယ်ယာမြေကိစ္စ ပဲခူးတိုင်းအစိုးရအဖွဲ့ လုပ်ဆောင်ပေးခြင်းမရှိသဖြင့် လယ်သမားများ ဆန္ဒထုတ်ဖော်

ပဲခူးမြို့သို့နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် လူထုတွေ့ဆုံပွဲသို့ လာရောက်စဉ် လှော်ကားကျေးရွာအုပ်စုမှ သိမ်းဆည်းခံလယ်ယာမြေ ပြဿနာအား ဆောင်ရွက်ပေးရန် ညွှန်ကြားခဲ့သော်လည်း တိုင်းဒေသကြီးအစိုးရက နှစ်လကျော်ကြာသည်အထိ ဆောင်ရွက်မပေးသည့်အပေါ် ဒေသခံလယ်သမားအင်အား ၃၀ က တိုင်းဒေသကြီးအစိုးရရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့သည်။



ဆန္ဒထုတ်ဖော်မှုကို မေ ၂၀ ရက် နံနက် ၁၀ နာရီခွဲက ပဲခူးတိုင်းဒေသကြီးအစိုးရရုံးရှေ့၌ ပဲခူးမြို့နယ် လှော်ကားကျေးရွာအုပ်စု လှော်ကား၊၀ိထိုအရှေ့၊၀ိထိုအနောက်၊လသာကုန်း၊၀ါးနက်ရုံစသည့် ကျေးရွာများမှ ဒေသခံလယ်သမားများက လယ်ယာမြေ၊ ဥယျာဉ်ခြံမြေ ဧက ၃၀၀၀
ကျော်အား လုပ်ငန်းရှင်ခုနစ်ဦးက ၂၀၀၆-၂၀၀၇ ခုနှစ်များတွင် သိမ်းဆည်းသွားပြီးနစ်နာကြေးမပေးသဖြင့် ဒေါ်အောင်ဆန်းစုကြည်က တစ်လအတွင်း ဖြေရှင်းပေးရန်ညွှန်ကြားခဲ့သော်လည်း မဖြေရှင်းပေးသည့်အတွက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

''ယခင် နှစ်ပေါင်းများစွာကတည်းက ဘိုးဘွားပိုင်လယ်ယာ၊ဥယျာဉ်ခြံမြေတွေကို ယခင်အစိုးရလက်ထက်က လုပ် ငန်းရှင်တွေကို မြေဂရန်ထုတ်ပေးထားပါတယ်။ လက်ရှိအစိုးရလက်ထက်မှာလည်း ဆက်တိုက်တင်ပြနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပဲခူး
လူထုတွေ့ဆုံ ပွဲမှာလည်း ကျွန်တော်တို့တင်ပြပါ တယ်။ ဒေါ်အောင်ဆန်းစု ကြည်ကလည်းဆောင်ရွက်ပေးဖို့ ညွှန်ကြားထားပါတယ်။ဒါကို တိုင်းဒေသကြီးအစိုးရအနေနဲ့ယနေ့အထိမဆောင်ရွက်ပေးသေးပါဘူး။ ဆက်ပြီးမဆောင်ရွက်ပေးရင်တော့ ကျွန်တော်တို့အဖွဲ့တွေထိုင်သပိတ်ဆက်ပြမှာပါ''ဟု ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ လှော်ကားမြို့နယ်မှ ဒေသခံဦးစောကျော်စွာမင်းက ပြောဆိုသည်။

လှော်ကားကျေးရွာအုပ်စုမှ ကျေးရွာငါးရွာပိုင် လယ်ယာ၊ ဥယျာဉ်ခြံမြေများအားလက်ရှိအမည်ပေါက် လုပ်ကိုင်နေသော ဒေသခံများထံမှ လုပ်ငန်းရှင်များက လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဖြင့်ပေါင်းကာ မြေပိုင်ဆိုင်မှု ဂရန်ထုတ်ယူထားသဖြင့်ဒေသခံများက ၂၀၁၇ ခုနှစ်မှ စတင်ပြီး ပဲခူးမြို့နှင့် နေပြည်တော်တို့တွင် ဆန္ဒထုတ်ဖော်ပွဲခုနစ်ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

''လှော်ကားလယ်ယာမြေ အငြင်းပွားမှုပြဿနာကို ကျွန်တော်တို့က လုပ်ထုံး၊လုပ်နည်းအတိုင်း ဘုတ်အဖွဲ့သုံးဖွဲ့နဲ့ စစ်ဆေးပါတယ်။ လျော်ကြေးပေးဖို့အတွက် လုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေ ညှိနှိုင်းပါတယ်။ လုပ်ငန်းရှင်ဘက်ကလည်း အလျှော့မပေးသလို ဒေသခံဘက်ကလည်း အလျှော့မပေးဘူးဖြစ်နေတယ်။လက်ရှိအခြေအနေကို ၀န်ကြီးချုပ်ဆီ တင်ပြထားပါတယ်''ဟု ပဲခူးတိုင်းဒေသကြီးအစိုးရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က ပြောဆိုသည်။

ဆန္ဒထုတ်ဖော်ပွဲကို တရားဝင် ခွင့်ပြုချက်ဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရရုံး ရှေ့တွင် ဗီနိုင်းများကိုင်ဆောင်ကာ လုယူထားသော မြေယာများပြန်လည်ရရှိရေး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရေး စသော ကြွေးကြော်သံများဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment