Tuesday, May 21, 2019

အီတလီကုမ္ပဏီက မကွေးတိုင်းရှိ ကုန်းတွင်းလုပ်ကွက်တွင် ရေနံစမ်းသပ်ရှာဖွေမည်

အီတလီရေနံကုမ္ပဏီ Eni က မကွေးတိုင်းအတွင်း ဧက သုံးသိန်းကျော် (၃၂၀,၀၀၀ ခန့်)ရှိ သည့် ကုန်းတွင်းရေနံလုပ်ကွက် တွင် ရေနံရှာဖွေရေးလုပ်ငန်း လုပ်ကိုင်မည်ဟု မေလ ၂၀ ရက်က ထုတ်ပြန်ကြေညာသည်။ စမ်းသပ်ရှာဖွေမည့် ကုန်း တွင်းရေနံလုပ်ကွက်သည် RSF-5 ဖြစ်ပြီး ရေနံရှာဖွေရေးလုပ်ငန်း များကို ၂၀၁၉ နိုဝင်ဘာနှင့် ဒီဇင်ဘာကြားတွင် စတင်ဆောင်ရွက် မည်ဟု  ကုမ္ပဏီက  ဆိုထားသည်။


စမ်းသပ်ရှာဖွေရေးလုပ်ငန်း များကို ၂၀၂၀ ဇွန်လတွင် ပြီးစီး မည်ဖြစ်ပြီး စမ်းသပ်ရှာဖွေမှု မလုပ်ကိုင်မီ ကုမ္ပဏီဘက်က လေ့လာထားသည့် လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုများ ဆန်းစစ်မှုကို ၂၀၁၉ ဇွန်လ၌ ဦးစွာထုတ်ပြန်မည်ဟု ဆိုသည်။

RSF-5 ရေနံလုပ်ကွက်ကို အီတလီကုမ္ပဏီက ၂၀၁၄ တွင် တင်ဒါရရှိကာ ၂၀၁၅ တွင် မြန်မာအစိုးရနှင့် သဘောတူညီမှု စာချုပ်ချုပ်ဆိုခဲ့သည်။  စမ်းသပ်ရှာဖွေခွင့် ခြောက်နှစ် ရရှိထားသည်။ အ ဆိုပါလုပ်ကွက်အတွက် အီတလီကုမ္ပဏီက ရှယ်ယာ ၉၀ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ပြည်တွင်း MPEP ကုမ္ပဏီက ရှယ်ယာ ၁၀ ရာခိုင်နှုန်းပိုင်ဆိုင်ခြင်းဖြစ်သည်။

ယင်းလုပ်ကွက်နှင့်အတူ ပဲခူးတိုင်းရှိ ဧက ၁,၆၀၀,၀၀၀ ကျော် ရှိသည့် ကုန်းတွင်းလုပ်ကွက် PSC-k၊ ဘင်္ဂလားပင်လယ်အော် နှင့် မုတ္တမပင်လယ်ကွေ့ရှိ MD-2 နှင့် MD-4 လုပ်ကွက်များလည်း တင်ဒါရရှိခဲ့သည်။ ကမ္ဘာတွင် အကြီးဆုံး စက်မှုလုပ်ငန်းကုမ္ပဏီစာရင်းတွင် ပါဝင်သော Eni ကုမ္ပဏီသည် အီတလီ နိုင်ငံ ရောမမြို့အခြေစိုက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီဖြစ်ပြီး ၇၉ နိုင်ငံ၌ လုပ်ငန်းများဆောင် ရွက်နေသည်။

No comments:

Post a Comment