Tuesday, May 21, 2019

သနပ်ပင်မြို့အနီး မင်းရွာကျေးရွာ အများပိုင် ကျေးရွာဘောလုံးကွင်း ကျူးကျော်သူများကို အကြိမ်ကြိမ် တိုင်ကြားသော်လည်း ဖြေရှင်းပေးခြင်း မရှိဟုဆို

Image may contain: sky, tree, outdoor and natureပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းသနပ်ပင်မြို့အနီးရှိ မင်းရွာကျေးရွာတွင် အများပိုင် ကျေးရွာဘောလုံးကွင်းအား ကျူးကျော်နေမှုများကို အမြန်ဆုံး ရှင်းလင်းပေးပြီး ကျေးရွာ အားကစားကွင်းအဖြစ် သတ်မှတ်ထားရှိပေးရေးကို လွှတ်တော် ကိုယ်စားလှယ်များနှင့် အုပ်ချုပ်ရေး ဌာနဆိုင်ရာများကို အကြိမ်ကြိမ် တိုင်ကြား တင်ပြထားသော်လည်း ယခုအချိန်ထိ ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရသည်။


မင်းရွာကျေးရွာတွင် ရှေးယခင်ကတည်းက တည်ရှိခဲ့သော အများပိုင် ကျေးရွာဘောလုံးကွင်းကို လုပ်ငန်းရှင်များ၏ ဆန်စက်များ ကျူးကျော် တည်ဆောက်လာခြင်း ဆန်စက်မှ ထွက်ရှိသော စပါးခွံများ ကျူးကျော် ပုံထားခြင်း အမှိုက်များကို လာရောက် စွန့်ပစ်ခြင်း ကျူးကျော်အိမ်များ ဝင်ရောက် ဆောက်လုပ်ခြင်းနှင့် ရေဆိုးမြောင်းကို ဘောလုံးကွင်းအတွင်း ထုတ်လွှတ်ခြင်းများကြောင့် အများပြည်သူတို့၏ အခွင့်အရေးများ ထိခိုက်နစ်နာရပြီး ကျေးရွာလူငယ်များ အားကစားပွဲများ ပြုရာတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် ကျေးရွာ လူငယ်များက စုပေါင်း၍ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ၊ သနပ်ပင်မြို့နယ် မြေစာရင်းဌာန၊ မြို့နယ်အား/ကာကော်မတီ မြို့နယ စည်ပင်သာယာရေး ကော်မတီနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့အား ကျူးကျော်မှု အားလုံးကို ဖယ်ရှားပြီး ကျေးရွာ အားကစားကွင်းအဖြစ် သတ်မှတ် ထားရှိပေးရေးကို တင်ပြတိုင်ကြားခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဧပြီလတွင် နောက်ဆုံးအကြိမ် မြေယာ တိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး တစ်နှစ်ကျော် ကြာမြင့်သည့် ယခုအချိန်အထိ အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်ခြင်း မပြုတော့ကြောင်း သိရသည်။

“အများသူငါတွေ၊ လူငယ်တွေ အားကစားပွဲတွေ ပြုလုပ်နေတဲ့ အများပိုင် ဘောလုံးကွင်းဆိုတာ သိရက်နဲ့ ကျေးရွာက လုပ်ငန်းရှင်အချို့က ဆန်စက်တွေ ဆောက်တယ်။ စပါးခွံတွေ ပုံတယ်။ အချို့က ကျူးကျော်အိမ် ဆောက်တယ် အမှိုက်တွေ ပုံတယ်။ ၀ါးတွေ ပုံတယ်။ ရေဆိုးမြောင်း ဖောက်တယ်။ ကွင်းထဲကို ရေဆိုးတွေ လွှတ်တယ်။ ဒါတွေကို အရေးယူပေးဖို့ တိုင်တာကြာပြီ အစကတော့ လုပ်ပေးမယ်ဆိုပြီး အခု တစ်နှစ်ကျော် ကြာပြီ။ ဘယ်ဌာနမှ လာမရှင်းပေးဘူး” ဟု အများပိုင် ဘောလုံးကွင်း ပြန်လည်ရရှိရေး ဦးစီးဆောင်ရွက်သူ လူငယ် ကိုမင်းဝေက ဆိုသည်။

“ဒီအားကစားကွင်းက ရွာလယ်မှာ တစ်ကွင်းတည်း ရှိတာ။ ဒါကြောင့် ကျူးကျော်တဲ့ သူတွေကို ဖယ်ရှားပေးဖို့ စည်ပင်ကို ပြောတယ်။ စည်ပင်ကလည်း သူလုပ်လို့ မရဘူး ပြောတယ်။ ဒါဆို မြို့နယ်ထွေအုပ်က အရေးယူပေးပါ ပြောတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်တည်းကဟာ အခုထိ အရေးယူမှု မလုပ်ဘူး။ အရမ်း နှောင့်နှေးနေတယ်။ အခုဆို ရေဆိုးမြောင်းပါ အားကစားကွင်းထဲ ဖောက်လွှတ်နေတယ်။ ဒါတွေက လုံးဝ မဖြစ်သင့်ဘူး။ တခြားကွင်းရှိရင် အကြောင်းမဟုတ်ဘူး။ ဒီတစ်ကွင်းတည်း ရှိတယ်။ ကလေးတွေဘက်က မလွန်ဘူး။ အန်ကယ်တို့ ငယ်ငယ်တည်းက အားကစားကွင်းပါ မေတ္တာရပ်ခံပြီး ဖယ်ပေးပါလို့ ပြောတယ်။ မရရင်တော့ ဥပဒေအတိုင်း အရေးယူပေးရမှာ။ ဒါကို ထွေအုပ်ကို ပြောတော့ ဥပဒေအကြံ တောင်းခံနေတယ်တဲ့ ခြောက်လ လောက်ရှိပြီ ပြောတာ အခုထိတော့ အရေးယူမှု မရှိသေးဘူး” ဟု သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောကြားသည်။

မင်းရွာကျေးရွာရှိ အများပိုင် အားကစားကွင်း မကျူးကျော်ရေးနှင့် အများပိုင်ကွင်းအဖြစ် တရားဝင် သတ်မှတ်ပေးရေး ဆောင်ရွက်နေစဉ် ကျူးကျော်ဖျက်ဆီးမှုများမှာ ယုတ်လျော့ခြင်း မရှိသည့်အပြင် တစ်နေ့တစ်ခြား ကျူးကျော်မှုများ ပိုမို လုပ်ဆောင်လာကြောင်း သိရသည်။

No comments:

Post a Comment