Tuesday, May 21, 2019

တေးသံရှင်စန္ဒီမြင့်လွင်၏ သမီးဦးရတနာလေးအား ဇူလိုင်လအတွင်းမွေးဖွားရန် စီစဉ်ထား

တေးသံရှင်စန္ဒီမြင့်လွင်၏ သမီးဦးရတနာလေးအား ဇူလိုင်လအတွင်း မွေးဖွားရန်စီစဉ်ထားကာ လတ်တလော ကိုယ်ဝန်ဆောင်ထားရစဉ်၌ အနုပညာလုပ်ငန်းများအား ခေတ္တရပ်နားထားကြောင်း သိရသည်။ တေးသံရှင်စန္ဒီမြင့်လွင်သည် သမီးဦးလေးအား ကိုယ်ဝန်လွယ်ထားရကာ မွေးဖွားလာမည့် သမီးလေးအား တွေ့မြင်လိုစိတ်ဖြင့် စိတ်လှုပ်ရှားလျက်ရှိကြောင်း ပြောကြားခဲ့သည်။



“မိန်းကလေးဆိုတော့ အရမ်းပျော်တာပေါ့။ ကိုယ်ဝန်ရကတည်းက မိန်းကလေးပဲလိုချင်ခဲ့တာ။ သားလေးဆိုလည်း ပျော်မှာပါပဲ။ သမီးလေးနဲ့ပတ်သက်လို့တော့ ကြိုစဉ်းစားထားတာတော့အများကြီးပဲ။ ကိုယ်ကအမြဲ သွက်သွက်လက်လက်နေတတ်တဲ့သူဆိုတော့ ကိုယ်ဝန်ရှိလာတဲ့ အချိန်မှာ နည်းနည်းသတိထားရတာတွေရှိတယ်။ အရမ်းကြီး လှုပ်လှုပ်ရှားရှားမဟုတ်ဘဲ နည်းနည်းထိန်းချုပ်ရတာပေါ့။ ကလေးလေးအတွက်ကတော့ သူကျန်းမာဖို့၊ သူအဆင်ပြေစေဖို့ပဲမျှော်လင့်ပါတယ်။ ဇူလိုင် ၂၀ နဲ့ ၂၇ ကြားမှာ မွေးဖွားဖို့ စီစဉ်ထားပါတယ်။ မိသားစုတွေအားလုံးကလည်း ရင်ခုန်နေကြတယ်။ သူ့အခန်းလေးလည်း ပြင်ထားရမှာဆိုတော့ အခုကတည်းက စိတ်လှုပ်ရှားနေပြီပေါ့။ ဒီးဒီးကို ချစ်ပေးတဲ့အပြင် အခု သမီးလေးအတွက်လည်း ဆုတောင်းပေးကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အမြဲတမ်းလည်းချစ်ပေးပါ” ဟု တေးသံရှင် စန္ဒီမြင့်လွင်က ဆိုသည်။ တေးသံရှင်စန္ဒီမြင့်လွင်သည် တစ်ကိုယ်တော်အယ်လ်ဘမ်များ ထွက်ရှိထားကာ တစ်ကိုယ်တော်ဖျော်ဖြေပွဲလည်း တင်ဆက်ခဲ့သူဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားအချို့တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်သည်။ သမီးဖြစ်သူ မွေးဖွားပြီးနောက် အချိန်ယူပြီးမှသာ အနုပညာလုပ်ငန်းများပြန်လည်လုပ်ကိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ စန္ဒီမြင့်လွင်သည် သမီးလေးအား ဇူလိုင် ၂၀ ရက်မှ ၂၇ ရက်ကြားတွင် မွေးဖွားရန်စီစဉ်ထားကြောင်း သိရသည်။

No comments:

Post a Comment