Tuesday, May 21, 2019

အထည်ချုပ်လုပ်ငန်းတွင် နိုင်ငံတကာလစာပေးနိုင်အောင် လုပ်ဆောင်နေ

အထည်ချုပ်လုပ်ငန်းတစ်ခုလုံးတွင် အလုပ်သမားများကို နိုင်ငံတကာနည်းတူ လစာပေးနိုင်သည့် စနစ်တစ်ခုကို အကောင်အထည်ဖော်လုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေ ၂၀ ရက်တွင် ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့တွင် လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ မြန်မာဟောက်ရန်အထည်ချုပ်စက်ရုံ အလုပ်သမားများက အလုပ်ရှင်၊ အလုပ်သမားလစာငွေကြေး အငြင်းပွားမှုနှင့်ပတ်သက်၍ ညှိနှိုင်းဖြေရှင်းပေးရန် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခွင့်တောင်းရာ ၀န်ကြီးချုပ်က အလုပ်သမားများအား ညှိနှိုင်းဖြေရှင်းပေးရန် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။



''အထည်ချုပ်လုပ်ငန်းက နည်းနည်းရှုပ်တယ်။ တစ်ခါတလေကျတော့ လုပ်တော့လုပ်နေတယ်။ ပိုက်ဆံမရဘူး။ တွက်ချက်တဲ့စနစ် တွေက တော်တော်ရှုပ်ထွေးတယ်။ ပိုင်အလိုက်ပေးတယ်တို့၊ အထည် ဘယ်လောက်ပြီးရင် ဘယ်လောက်ပေးတယ်တို့၊ ကျွန်တော့်အမြင်က တော့ အလုပ်သမားကို ရေညှစ်သလိုခိုင်းသလို ဖြစ်နေတယ်။ အလုပ် သမားတွေကလုပ်တယ်။တစ်လလုံးနေတဲ့ အချိန်လေးမှ ပိုက်ဆံတစ်သိန်းခွဲလောက်ပဲ ရတယ်ဆိုတော့ အလုပ်သမားက ပေါက်ကွဲတယ်။ဒါပေမဲ့ ဘာပြောရမှန်းမသိဘူးဖြစ်နေတယ်။ဘယ်ဟာကို ဦးတည်ပြီးတောင်းဆိုတိုက်ပွဲဝင်ရမှန်းမသိဘူးဖြစ်နေတယ်။ဒါကြောင့် ကျွန်တော်ကအထည်ချုပ်လုပ်ငန်းခွင်ကို ပိုက်ဆံပေးတဲ့စနစ်တစ်ခု ကျွန်တော်တို့ရေးဆွဲမယ်။ အဲဒါနိုင်ငံခြားကိုလည်း ကျွန်တော်တို့တောင်းထားတယ်။ တခြားဘယ်နိုင်ငံတွေမှာ ဘယ်လိုပေးတုံး၊အထည်ချုပ်လုပ်ငန်းစဉ်တစ်ခုလုံးကို ကိုင်တွယ်ဖို့ ကျွန်တော်တို့စိတ်ကူးရှိတယ်။ ဒါမှသာလျှင် အဆင်ချောသွားမယ်။ ကျွန်တော်တို့ မြန်မြန်လေးအထည်ချုပ်နဲ့ပတ်သက်ပြီး လစာပေးတဲ့စနစ်တစ်ခုဖြစ်အောင်လုပ်သွားမယ်''ဟု ၀န်ကြီးချုပ်က ပြောကြားသည်။

လက်ရှိတွင် အဆိုပါလုပ်ငန်းစဉ်အား စတင်အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ဆောင်ရွက်နေပြီဖြစ်ကြောင်း ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး၊ အလုပ်ရှင်၊ အလုပ်သမားများအားလုံး ပါဝင်မှုဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

''အဲဒီလိုလုပ်ဆောင်တဲ့ နေရာမှာ အလုပ်သမားတွေလည်းခေါ်မယ်။အလုပ်သမားသမဂ္ဂတွေလည်း အကုန်ခေါ်ပြီးတော့ဆောင်ရွက်မယ်။ အဲဒီအစီအစဉ်ကို မြန်မြန်လုပ်နိုင်အောင်ဆောင်ရွက်နေတယ်''ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

အထည်ချုပ်စက်ရုံများတွင် ၀န်ထမ်းများအားလုံးတစ်ပြေးညီလစာရရှိရေး ကို လက်ရှိတွင်စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအလုပ်သမားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကလည်း မေ ၂၀ရက်တွင်မြန်မာဟောက်ရန် အထည်ချုပ်စက်ရုံအလုပ်သမားများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

No comments:

Post a Comment