Tuesday, May 21, 2019

၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ - ၅၉ ကိုပြင်မည်ဆိုပါကကန့်ကွက်ရမည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြော

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ- ၅၉ ကိုပြင်ဆင်မည်ဆိုခြင်းကို ကန့်ကွက်ရမည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောလိုက်သည်။ေ မလတတိယပတ်အတွင်းပဲခူးတိုင်းဒေသကြီးတွင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံစဉ် ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်းအရာပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။



“ တောင်းဆွေးဆွေး၊ အရိုးဆွေးဆွေး၊ တိုင်းပြည်ဆွေးဆွေး ဒီဥပဒေထားရမယ်လို့မဆိုလိုပါ။ တကယ် အကျိုးရှိမဲ့ဟာကိုပြင်ပေးရမယ်ဆိုတာလက်ခံတယ်။ ၅၉ ကိုတော့ ကန့်ကွက်ရမယ်။ ထားသင့်တဲ့ဟာကို ထားရပါမယ်။ ပြင်သင့်တဲ့ဟာကိုပြင်ရပါမယ်။ အခြေအနေ၊ အချိန်အခါ ကိုက်လာရင် လုပ်ပေးရပါမယ်’’ ဟု ဦးသန်းဌေးကပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်က ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အရေးကြီးအဆိုတင်သွင်းခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဟုတစ်ခါမှမပြောခဲ့ဖူးကြောင်း၊ ပြင်သင့်ပြင်ထိုက်သည်ကို ပြင်ရမည် ဖြစ်ကြောင်း၊ သို့သော် ဖွဲ့စည်းပုံအနှစ်သာရကိုမထိခိုက်ရန်လိုအပ်ကြောင်း ပြောကြားထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ၊ အခန်း- ၃ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများပုဒ်မ ၅၉(စ)တွင် သမ္မတ အရည်အချင်းပြဌာန်းချက်တွင် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏တရားဝင်သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ဇနီးသို့မဟုတ် ခင်ပွန်း သော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ကျေးဇူးသစ္စာတော်ကိုခံယူစောင့်ရှောက်ရိုသေသူသို့မဟုတ် နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူသို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူမဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်းခံစားရသောအခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်ရှိသူများမဖြစ်စေရဟု ပြဋ္ဌာန်းပါရှိသည်။

No comments:

Post a Comment