Tuesday, May 21, 2019

၂၀၂၀ တွင်ပြည့်မြောက်မည့် ရုပ်ရှင်နှစ် ၁၀ဝ ပြည့်အထိမ်းအမှတ် မြန်မာ့ရုပ်ရှင်နှစ် ၁၀ဝ ပြည့်ပွဲတော် ကျင်းပနိုင်ရန် စီစဉ်မည်နှစ်စဉ်ကျင်းပလျက်ရှိသည့် မြန်မာ့ရုပ်ရှင်နေ့မြင်ကွင်း

၂၀၂၀ တွင်ပြည့်မြောက်မည့် ရုပ်ရှင် နှစ် ၁၀ဝ ပြည့်အထိမ်းအမှတ် မြန်မာ့ရုပ်ရှင် နှစ် ၁၀ဝ ပြည့်ပွဲတော်ကျင်းပနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ရုပ်ရှင်နှစ် ၁၀ဝ ပြည့်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ရုပ်ရှင်အလွှာအသီးသီးမှ ကိုယ်စားလှယ်များနှင့်အကြံဉာဏ်များ ရယူဆွေးနွေးခြင်းကိုလည်း မေ ၁၈ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ Sky Star Hotel ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“၁၉၂၀ မှာ စတင်ပေါ်ပေါက်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ဟာ ၂၀၂၀ ပြည့်နှစ်မှာတော့ နှစ် ၁၀ဝ တိုင်တော့မှာ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင် နှစ် ၁၀ဝ ပြည့် အထိမ်းအမှတ်အနေနဲ့ နှစ် ၁၀ဝ ပြည့်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပဖို့ စီစဉ်နေပါတယ်။ ဒီအတွက် အလွှာအသီးသီးက ရုပ်ရှင်လောကသားတွေရဲ့ အကြံဉာဏ်တွေကိုလည်း ရယူဆွေးနွေးပြီး အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။ မြန်မာ့ရုပ်ရှင် ရာပြည့်ပွဲတော် ကျင်းပဖို့အပြင် ရုပ်ရှင်ရာပြည့်ကနေစပြီး ပိုမိုတိုးတက်ကောင်းမွန်တဲ့ ရုပ်ရှင်ဖန်တီးမှုတွေဖြစ်လာစေဖို့၊ နိုင်ငံတကာအထိ ခြေလှမ်းနိုင်မယ့် မြန်မာရုပ်ရှင်ဇာတ်ကားမျိုးတွေ ရိုက်ကူးဖန်တီးနိုင်ဖို့အထိ ရည်ရွယ်ထားကြတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်လောကသားအားလုံးလည်း ပါဝင်ကြဖို့ပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ဒုတိယဥက္ကဋ္ဌဌ ဦးအေးကြူလေးက ဆိုသည်။

မြန်မာ့ရုပ်ရှင်သည် ၁၉၂၀ ပြည့်နှစ်တွင် စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင်နှစ် ၁၀ဝ တိုင်ခဲ့ပြီဖြစ်ကာ မြန်မာ့ရုပ်ရှင်ဖြတ်သန်းမှုနှစ် ၁၀ဝ အမှတ်တရအဖြစ် ပွဲတော်ကျင်းပရန်စီစဉ်နေခြင်း ဖြစ်သည်။ ယင်းပွဲတော်တွင် ရုပ်ရှင်ဖြတ်သန်းမှု သမိုင်းကြောင်းများအား ပြန်လည်လေ့လာနိုင်မည့် အစီအစဉ်များ၊ မြန်မာ့ရုပ်ရှင်ဖြတ်သန်းမှုတစ်လျှောက် ထင်ရှားအောင်မြင်ခဲ့သူများ၊ မြန်မာ့ရုပ်ရှင်လောကအတွက် ကြိုးပမ်းခဲ့သူများအား ဂုဏ်ပြုသည့် အစီအစဉ်များလည်း ပါဝင်ရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာ့ရုပ်ရှင် နှစ် ၁၀ဝ ပြည့်ပွဲတော်၌ ရုပ်ရှင်ချစ် ပရိသတ်များအတွက် အမှတ်တရဖြစ်စေခဲ့သည့် ရုပ်ရှင်ဇာတ်ကားများ၊ ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင်များအား လွမ်းဆွတ်သတိရဂုဏ်ပြုမည့် အစီအစဉ်များလည်း ပါဝင်နိုင်ရန်ပြင်ဆင်နေခြင်းဖြစ်သည်။ လတ်တလောတွင် ဆွေးနွေးမှုများ စတင်ပြုလုပ်နေခြင်းလည်း ဖြစ်သည်။

No comments:

Post a Comment