Tuesday, May 21, 2019

မူလတန်းကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံအခမဲ့ မပေးတော့ဟုဆို ကျောင်းဝတ်စုံအစား ဗလာစာအုပ် ခြောက်အုပ်ပေးမည်

လာမည့် ၂၀၁၉-၂၀ ပညာသင်နှစ်ကစကာ အခြေခံပညာ မူလတန်းကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံ အခမဲ့ မပေးတော့ဘဲ ယင်းအစားဗလာစာအုပ် ခြောက်အုပ်ပေးမည်ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်က ပြောသည်။ ၂၀၁၅-၁၆ ပညာသင်နှစ်ကစတင်ခဲ့သည့် အခမဲ့ပညာရေးစနစ်အရ ပညာရေးဝန်ကြီးဌာနက  မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ် စုံတစ်စုံ၊ ကျောင်းသုံးပြဋ္ဌာန်းစာ အုပ်နှင့် ဗလာစာအုပ် ခြောက် အုပ်၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပြဋ္ဌာန်းစာ အုပ် တစ်စုံစီ အခမဲ့ပေးအပ်သည်။
ကျောင်းဝတ်စုံတစ်စုံလျှင် ၁,၄၀၀ ကျပ်တန်ဖိုးရှိပြီး သူငယ်တန်းမှ ဒုတိယတန်း ကျောင်းသား၊ ကျောင်းသူတိုင်းကို ကျောင်းဝတ်စုံ တစ်စုံစီ အခမဲ့ပေးသော်လည်း တတိယတန်း၊ စတုတ္ထတန်းကျောင်းသား၊ ကျောင်းသူများအ နက် ကျောင်းဝတ်စုံ ရယူလိုသူ များသာ အခမဲ့ပေးသည်။

သို့သော် လာမည့် ပညာသင်နှစ်ကစကာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူအားလုံး အတွက် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်နှင့် ဗလာစာအုပ် ၁၂ အုပ်ပြောင်းလဲထောက်ပံ့ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေသည်။

‘‘ကျောင်းဝတ်စုံ ဒီနှစ် မပါတော့ဘူး။ ကျောင်းဝတ်စုံတွေက ကလေးတွေနဲ့ တော်ခြင်း၊ မတော်ခြင်း၊ ဆိုဒ်ကြီးတာတွေ၊ သေးတာတွေက ချုပ်ပေးရပြီးတော့ အလေအလွင့်များလို့ မပေးတော့ဘူး။ စာအုပ်ဆိုတော့ ဘယ်သူရေးရေး။ ကိုယ်တိုင်းဆိုဒ်လည်း မလိုဘူးဆိုတော့ အဲဒီအစား ဗလာစာအုပ် ခြောက်အုပ်ပဲ ပေးတော့မယ်’’ဟု ဦးရဲလင်းမြင့်က ပြောသည်။

မူလတန်းအဆင့် ကလေးများကို ကျောင်းဝတ်စုံအစား ဗလာစာအုပ် ခြောက်အုပ်အခမဲ့ပေး မည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အထက(၄)အလုံ၌ မေလ ၁၈ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးရှိ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

‘‘အရင်နှစ်တွေက ကျောင်းက ပေးတဲ့ဝတ်စုံက ချည်သားမဟုတ်ဘဲ ပူတဲ့အသားမျိုးဆိုတော့ ကလေး တွေ ၀တ်ရတာ အဆင်မပြေဘူး။ ကျွန်မ အသိတွေထဲတော့ ကျောင်းကပေးတဲ့ ၀တ်စုံကို မ၀တ်ကြတာများတယ်။ မ၀တ်ဖြစ်ဘဲ အလဟဿဖြစ်မှာထက် အခုလို စာအုပ်ပေးတာမျိုးကို ပိုသဘောကျတယ်။ ဗလာစာအုပ် အရည်အသွေးကတော့ ကောင်းပါတယ်’’ဟု သာကေတမြို့နယ်မှ ကျောင်းသားမိခင် မဝေမာက ဆိုသည်။ မူလတန်းအဆင့် ကျောင်းသားများအား အခမဲ့ပေးအပ်သည့် ကျောင်းဝတ်စုံများကို အကြီး၊ အလတ်၊ အသေး ဆိုဒ်သုံးမျိုး ချုပ်ထားသော်လည်း    ပြီးခဲ့သည့်ပညာသင်နှစ်များက အချို့ဒေသ များ၌ ကျောင်းသားများအတွက် အရွယ်အစား မကိုက်ညီမှုများ ရှိသည့်အပြင် မကွေးတိုင်းဒေသ ကြီးတွင် တင်ဒါစနစ်ဖြင့် လုပ်ငန်းရှင် ထံအပ်နှံသည့် ၀တ်စုံများသည် ကြိုတင်ပေးအပ်ထားသည့် နမူနာဝတ်စုံ စံချိန်စံညွှန်းနှင့် ကိုက်ညီမှု မရှိဘဲ အရည်အသွေးကွာခြားမှု ရှိခဲ့သည်။

No comments:

Post a Comment