Tuesday, May 21, 2019

လေးမျက်နှာမြို့နယ်အနောက်ဘက်ခြမ်း၌ တောင်ကျချောင်းရေတိုက်စားမှုကြောင့် ကမ်းပြိုမှု ဆိုးရွားလာသဖြင့် အစိုးရက ကမ်းပါးထိန်းလုပ်ငန်းများ ဆောင်ရွက်ပေးရန် ဒေသခံများလိုလား

 လေးမျက်နှာမြို့နယ်အတွင်းရှိ ကမ်းပြိုမှုဖြစ်ပွားနေသောနေရာ တစ်နေရာကို တွေ့ရစဉ်ဧရာဝတီတိုင္းေဒသျကီး၊ လေးမျက်နှာမြို့နယ်၊ အနောက်ဘက်ခြမ်း၌ တောင်ကျချောင်းရေ တိုက်စားမှုကြောင့် ကမ်းပြိုမှုများ ဆိုးဝါးလာသဖြင့် အစိုးရမှ ကမ်းပါးထိန်းလုပ်ငန်းများ ဆောင်ရွက်ပေးရန် ဒေသခံများလို လားနေကြောင်း သိရသည်။ အဆိုပါဒေသ၌ ကမ်းပြိုမှုကို အချိန်မီကာကွယ်မှုများ မဆောင်ရွက်နိုင်ပါက ထိခိုက်ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်လာနိုင်သဖြင့်  အစိုးရမှ အမြန်ဆုံးကူညီဆောင်ရွက်ပေးစေလိုကြောင်း လေးမျက်နှာမြို့နယ်၊ သဲနုကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။


“လေးမျက်နှာမြို့နယ် အနောက်ဘက်ခြမ်းမှာ တောင်ကျချောင်းရေစီးဆင်းတာ ချောင်းသုံးခုရှိပါတယ်။ လဲခုံကြီးချောင်းရယ်၊ လဲခုံလေးချောင်းရယ်၊ ဝါးတောကွင်း (ခတ္တူ)ချောင်းရယ် စီးဆင်းတယ်။ တောင်ကျချောင်းသုံးခုမှာ လဲခုံကြီးချောင်းနဲ့ လဲခုံလေးချောင်းက ရေစီးအလွန်သန်တယ်။ လဲခုံကြီးချောင်းမှာ တောင်ကျချောင်းရေကြောင့် ကမ်းပြိုကမ်းစား အများဆုံးဖြစ်ပေါ်နေတာ ခြောက်နေရာရှိတယ်။ လဲခုံလေးချောင်းမှာလည်း တောင်ကျချောင်းရေကြောင့် ကမ်းပြိုကမ်းစား အများဆုံးဖြစ်ပေါ်နေတာ ခုနစ်နေရာလောက်ရှိတယ်။ ဒါကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာဌာနတွေကိုလည်း ကျွန်တော်တင်ပြထားပြီး ဖြစ်ပါတယ်။ တောင်ကျချောင်းရေကြောင့် ကမ်းပါးပြိုနေတဲ့ဟာတွေက အိမ်တွေ၊ လမ်းတွေ၊ စာသင်ကျောင်းတွေနဲ့ အလွန်နီးကပ်နေပြီဖြစ်တယ်။ ဌာနဆိုင်ရာ အကြီးအကဲတွေအနေနဲ့ အချိန်မီဆောင် ရွက်ပေးစေချင်ပါတယ်။ အချိန်မီမဆောင်ရွက်နိုင်ရင် ပျက်စီးဆုံးရှုံးမှုတွေ များနိုင်တဲ့အတွက်  အမြန်ဆုံးကာကွယ်ဆောင်ရွက် ပေးစေချင်ပါတယ်” ဟု လေးမျက်နှာမြို့နယ်၊ သဲနုကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးချိုထွန်းက ပြောကြားသည်။ ကမ်းပြိုမှုကြောင့် နေအိမ်များ အကြိမ်ကြိမ် ရွှေ့ပြောင်းထားရပြီး ထပ်မံရွှေ့ပြောင်းရန် နေရာပင်မရှိတော့ကြောင်း၊ ကမ်းပြိုမှုများ ဆက်လက်ကြုံတွေ့နေသဖြင့် ဒေသခံများ စိုးရိမ်နေရကြောင်း ကျားကိုက်ကွင်း ကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။ 

“လဲခုံလေးချောင်းဟာ တောင်ကျချောင်းရေ ဆင်းတဲ့အချိန်ဆို ရေစီးကြမ်းပါတယ်။ ရေစီးကြမ်းတဲ့အတွက်ကြောင့် ကမ်းတွေပြိုလို့ အိမ်တွေဆုတ်ဆုတ်လာရတာ နောက်ဆုံး လမ်းနူတ်ခမ်းအထိ ကပ်နေပါပြီ။ ထပ်ပြီးပြောင်းစရာလည်း နေရာမရှိတော့ဘူး။ ဒီချောင်းဟာ သာမန်ချောင်းရေမဟုတ်ပါဘူး။ ရခိုင်ရိုးမက လာတဲ့ချောင်းရေဖြစ်တဲ့အတွက် ရေစီးသန်ပါတယ်။ ကမ်းမပြိုအောင် ရပ်ဓလေ့ ရွာဓလေ့နဲ့ ဆောင်ရွက်တာ မလုံလောက်တဲ့အတွက် တာဝန်ရှိသူတွေ ကွင်းဆင်းပြီးတော့ ဆောင်ရွက်ပေးပါလို့ တောင်းပန်ပါတယ်” ဟု ကျားကိုက်ကွင်းကျေးရွာမှ ဦးကျော်ဝင်းစိန်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လေးမျက်နှာမြို့နယ်မှ ဒေသခံများတွေ့ဆုံပွဲ၌ တောင်ကျချောင်း ထိန်းသိမ်းရေးနှင့် ကမ်းပါးထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် တောင်းဆိုထားပြီးဖြစ်ပြီး အချိန်မီဆောင်ရွက်ပေးရန် ဒေသခံများက လိုလားနေကြောင်း သိရသည်။

No comments:

Post a Comment