Tuesday, May 21, 2019

အိန္ဒိယအစိုးရ၏ ပဲတင်သွင်းခွင့်လိုင်စင် သတင်းကြောင့် မတ်ပဲနှင့် ပဲစင်းငုံဈေးတက်

အိန္ဒိယအစိုးရက ဇွန်လအတွင်း ပြည်ပမှ ပဲတင်သွင်းခွင့် လိုင်စင်ချပေးမည့် သတင်းကြောင့်ပြည်တွင်းဈေးကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံဈေး နှုန်းမြင့်တက်လာ ကြောင်း ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းအတွင်း ရေးမှူးဦးမင်း ကိုဦးက ပြောသည်။ ဇွန်လပထမပတ်အတွင်း ပဲ တင်သွင်းမည့် ကုန်သည်များကို အိန္ဒိယအစိုးရက သွင်းကုန်လိုင် စင်ထုတ်ပေးမည်ဟု ကြေညာ ချက် ထွက်ပေါ်ပြီးနောက် ပြည်တွင်းဈေးကွက်တွင် အိန္ဒိယကုန်သည်များ၏ ၀ယ်လိုအား ပြန်မြင့်တက်လာခြင်း၊ ပါကစ္စတန်၊ ယူအေအီး စသောနိုင်ငံများသို့ တင်ပို့ရန် ၀ယ်ယူမှု ရှိနေခြင်းကြောင့် မတ်ပဲနှင့်  ပဲစင်းငုံဈေး ပြန်လည်မြင့်တက်လာစေသည်ဟု ၎င်းကပြောသည်။  ‘‘လောလောဆယ်အိန္ဒိယ သွင်းကုန်သမားတွေက မြန်မာ့ပဲ ကို စိတ်ဝင်စားနေကြတယ်’’ ဟု ဦးမင်းကိုဦးက ပြောသည်။


ပြည်တွင်း ပဲဈေးကွက်က အိန္ဒိယအ၀ယ်ကို စောင့်မျှော်နေ သော်လည်း ကုန်သည်များက ဈေးကိုင်ထားသည်ဟု ဘုရင့်နောင် ပဲ ကုန်စည်ဒိုင်မှ ကုန်သည်တစ်ဦးက ပြောသည်။

ယခုနှစ်တွင် ပဲစင်းငုံတန်ချိန် ငါးသောင်းခန့် အသစ်ထွက်လာ ခြင်း၊ မတ်ပဲအသစ် တန်ချိန်သုံး သိန်းကျော် ထုတ်လုပ်နိုင်ခြင်း ကြောင့် ပြည်တွင်းပဲလက် ကျန်အတွက် စိုးရိမ်းစရာမရှိကြောင်း ၎င်းကပြောသည်။ ထို့အတူ အိန္ဒိယနိုင်ငံတွင်  ရာသီဥတုဖောက်ပြန်မှု ကြောင့် စိုက်ပျိုးထားသော ပဲအထွက်နည်းပြီး လိုအပ်ချက်များ ရှိနေခြင်းက ပြည်တွင်းပဲကုန်သည် များအတွက် အ ခွင့်အရေးကောင်း ဖြစ်လာနိုင်သည်ဟု အဆိုပါကုန်သည်က ပြောသည်။ လက်ရှိပြည်တွင်း ဈေးကွက် တွင် မတ်ပဲတစ်တန်လျှင် ကျပ်ရှစ်သိန်းလေးသောင်းငါးထောင်မှ အမြင့်ဆုံး ကျပ် ဆယ်သိန်း၊ ပဲစင်းငုံ အဟောင်းတစ်တန်လျှင် ကျပ်ကိုးသိန်းသုံးသောင်းခွဲမှ ကျပ် ဆယ်သိန်းငါးသောင်းဈေးဖွင့် သည်။ အိန္ဒိယအစိုးရက ပြည်ပမှ ပဲတီစိမ်းနှင့် မတ်ပဲတန်ချိန် တစ် သိန်းခွဲ၊ ပဲစင်းငုံတန်ချိန် နှစ်သိန်း တင်သွင်းမည်ဟု ဧပြီလဆန်းက ကြေညာချက်  ထုတ်ပြန်ထား သည်။ ထိုအချိန်ကစ၍ ပြည်တွင်း ဈေးကွက်၌ မတ်ပဲနှင့် ပဲစင်းငုံဈေး ၂၅ ရာခိုင်နှုန်းခန့် မြင့်တက်လာ သည်။

No comments:

Post a Comment