Tuesday, May 21, 2019

မျိုးချစ်ဟုဆိုသော ဆူးငြောင့်ခလုတ်

တုတ်၊ဓားလက်နက်ကိုင် ထားသူအချို့ အပါ အ၀င်လူအယောက် ၁၀၀ ကျော်တို့သည် မည်သို့သော အာဏာပိုင်များကိုမှ ကြောက်ရွံ့မနေ၊ ဒေသခံ တစ်ဦးတစ်ယောက်မျှမပါဘဲ ဒဂုံတောင် (၁၀၆) ရပ်ကွက်ထဲသို့ ည ၁၀ နာရီလိုအချိန်မျိုးတွင် ဆူညံစွာ ရောက်ရှိလာခဲ့သည်။ ခက်ထန်လွန်းလှသော သူ တို့၏မျက်နှာပေးနှင့် ဇက်ပြတ် သွားနိုင်သော လက်နက်ယူလာသူအချို့ ရပ်ကွက်ထဲလာ၍ မထီမဲ့မြင်စော်ကားမှန်း သိသော်လည်း ဘာဆိုဘာမှ မပြောနိုင်ရှာ။ (၁၀၆)ရပ်ကွက်နေ ကျွန်တော့်မိတ်ဆွေတစ်ဦးက ‘‘သူတို့ ရုပ်နဲ့ အပြောအဆိုကို ကြည့်လိုက် ကတည်းက ဘယ်သူတွေလဲဆိုတာ သဘောပေါက်တယ်လေ။ သူတို့က ဒါမျိုးအကြမ်းဖက်ဖို့ လိုင်စင်ရထားသလိုဆိုတော့ မပြောရဲဘူးပေါ့ဗျာ’’ဟု ဆိုသည်။



သာမန်ပြည်သူမပြောနှင့်။ ပြည်သူ့ရဲကြီးများပင်လျှင် မျိုးချစ် ဟုဆိုသူတို့လုပ်သမျှ မချိတင်ကဲ ကြည့်နေရသည့် ဘဝ။ မျိုးချစ်ဟု ဆိုသူတို့သုံးဦးမှာ (၁၀၆)ရပ်ကွက် အတွင်းရှိ အစ္စလာမ်ဘာသာဝင် တို့ ဥပုသ်လ စုပေါင်းဝတ်ပြုဆု တောင်းပွဲပြုလုပ်ရာအိမ်သို့ အုပ်ချုပ်ရေးမှူးနှင့် အတူဝင်ရောက် စစ်ဆေးသည်။

အိမ်ထဲကို ရောက်တော့ ဝတ်ပြုဆုတောင်းရန် ပြင်ဆင် ထားသည်များကို ပြန်လည်ဖျက် ခိုင်းသည့်အပြင် ဆက်လက်ဝတ် မပြုတော့ပါဟု အိမ်ရှင်ဖြစ်သူ အား ခံဝန်လက်မှတ်ထိုးခိုင်း သည်။ မျိုးချစ်မကလို့ ဘာဖြစ်ဖြစ် တစ်ပါးသူ၏အိမ်သို့ ခွင့်ပြုချက် မရှိဘဲ ကျူးကျော်ဝင်ရောက်ခွင့် မရှိသော်လည်း တရားဥပဒေစိုးမိုး ရေးဝန်ထမ်းများရှေ့မှာပဲ ကျူး ကျော်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အာဏာပိုင်များပင်လျှင် ကျိုး ကြောင်းဆီလျော်ခြင်းမရှိဘဲ နိုင်ငံ သားတစ်ဦး၏ကိုးကွယ်မှုကို ဟန့် တားခံဝန်လက်မှတ်ရေးထိုးစေ ခြင်းမပြုနိုင်သော်လည်း မည်သည့် အာဏာပိုင်မှ မဟုတ်သော မျိုး ချစ်ဟုဆိုသူတို့က အဓမ္မဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ည ၁၁ နာရီကျော် တွင် မျိုးချစ်ဆိုသူတို့က ဒဂုံတောင် (၆၄)ရပ်ကွက်ရှိ ဝတ်ပြုဆုတောင်း ပွဲပြုလုပ်နေသည့် ဦးတင်စိုးနေ အိမ်သို့ ရောက်သည်။ ၎င်းတို့ သွားရာ လမ်းတစ်လျှောက်မှာ ပွက်လောရိုက် အပူမီးတောက်နေ သဖြင့် ရပ်ကွက်သားများခမျာ တထိတ်ထိတ် ဖြစ်ရပြန်သည်။ ဦးတင်စိုး၏နေအိမ်ရောက်တော့ လည်း ဝတ်ပြုပွဲကို တားဆီးပိတ် ပင်ပြန်သည်။

ထိုသို့ ရိုင်းစိုင်းသော မတရားလုပ်ရပ်ကို စတင်ခဲ့သည်မှာ မေလ ၁၄ ရက်နေ့ ညကတည်းကဖြစ် သည်။ ဒဂုံတောင် (၂၆)ရပ်ကွက်ရှိ ဝတ်ပြုဆုတောင်းပွဲပြုလုပ်ရာ ဦးမောင်မောင်နေအိမ်သို့ မျိုးချစ် ဟုဆိုသူတို့သွားကာ ပိတ်ပင်ခဲ့ သေးသည်။

မေလ ၁၄ ရက်နေ့တွင် ပထမဆုံးအကြိမ်မို့ အာဏာပိုင် များက ဖြစ်ပြီးမှ သိသည်ဟုဆို ကာ ဥပဒေမဲ့လုပ်ရပ်ကို မတား ဆီးနိုင်ခဲ့ဟုဆိုလျှင် နားလည်နိုင် ပါသည်။ မေလ ၁၅ ရက်ညတွင် ဘာကြောင့် ဆက်မတားဆီးနိုင်ရ သနည်း။ ဒဂုံတောင်အတွင်း အစ္စ လာမ်ဘာသာဝင်တို့ ဝတ်ပြုဆု တောင်းရန် တရားဝင်ခွင့်ပြုထား သည့်နေရာမှာ အိမ်သုံးလုံးသာရှိ သည်။

ပြီးတော့ အယောက် ၁၀၀ ကျော်ဆိုသော လူအုပ်မှာ နည်း နည်းနောနောမဟုတ်။ အယောက် ၁၀၀ ကျော်ဆိုသည်မှာ အခုတွေ့ အခုပြောပြီး အခုစိတ်ရူးထကာ ထထွက်လာ၍ရသော လူအင်အားမဟုတ်။ အယောက် ၁၀၀ ကျော်ကို စုနိုင်ရန် ကြိုတင်ပြင်ဆင်မှုရှိရမည်။ လူများလေ ပါးစပ် ပေါက်များပြီး သတင်းပေါက်ကြား ရန် လွယ်ကူနိုင်သည်။ သတင်း စုဆောင်းထောက်လှမ်းခြင်း အ တတ်ကို ကျွမ်းကျင်ပြီးသား အာဏာပိုင်များအနေနှင့် ကြိုတင် သတင်းရရှိရန် သိပ်ခက်ခဲစရာ မရှိ။ အကယ်၍ ကြိုတင်သတင်းရရှိခဲ့ပါက ကျန်ဝတ်ပြုဆုတောင်း သည့် အိမ်နှစ်အိမ်သို့ လာရာလမ်း တွင် လုံခြုံရေးအင်အား အခိုင်အမာချထားလိုက်လျှင် ကိစ္စပြတ်မည်။

သို့သော် ကြိုတင်ဟန့်တား နိုင်ခြင်းမရှိသဖြင့် အာဏာပိုင်များ ရှေ့တွင်ပင် တုတ်၊ ဓားလက်နက် များကိုင်ဆောင်ကာ အုပ်စုလိုက် ခြိမ်းခြောက်သည့် အသွင်ဖြင့် တည်ငြိမ်အေးချမ်းမှုကို အတိအ လင်း စိန်ခေါ်ခံလိုက်ရသည်။ အာ ဏာပိုင်များရှေ့တွင်ပင် နိုင်ငံသားတိုင်း၏ရပိုင်ခွင့်ဖြစ်သော လွတ် လပ်စွာ ကိုးကွယ်ခွင့်ကို အဓမ္မ ဆုတ်ဖြဲပစ်သည်။ အခြေခံဥပဒေ ပုဒ်မ ၃၄၇ တွင် ‘နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေ ရမည်။ ထို့အပြင် ဥပဒေ၏အကာ အကွယ်ကိုလည်း တန်းတူညီမျှ စွာ ရယူပိုင်ခွင့်ပေးရမည်’ ဟု ဖွင့် ဆိုထားသော်လည်း နိုင်ငံသားအ ချို့မှာ ဥပဒေ၏အကာအကွယ် ပေးမှုကို အာဏာပိုင်အဖွဲ့များရှေ့ တွင်ပင် မရရှိခဲ့ပေ။ ပြောရလျှင် မျိုးချစ်ဟုဆိုသူတို့မှာ ၎င်းတို့၏ လုပ်ရပ်သည် ဥပဒေမဲ့လုပ်ရပ်မှန်း သိရှိကြသော်လည်း အာဏာပိုင် များကို ထည့်တွက်စရာမလိုဟု သဘောထားကာ တရားဥပဒေစိုး မိုးရေးကို လူမိုက်ဆန်ဆန် စိန်ခေါ် ခဲ့ခြင်းဖြစ်သည်။

သတင်းများအရ မျိုးချစ်ဟု ဆိုသူတို့ အဓမ္မပိတ်သိမ်းခိုင်းသော ဝတ်ပြုဆုတောင်းပွဲ ကျင်းပရာ အိမ်သုံးအိမ်စလုံးမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်က တရားဝင်ဝတ်ပြုဆုတောင်းခွင့် ပေးထားခြင်းဖြစ် သည်။ ယခင်နှစ်က ၁၄ အိမ်ခွင့်ပြုခဲ့ပြီး ယခုနှစ်တွင် ရာမာဒန်ဥပုသ်လ၌ ၁၅ အိမ်၌ ယာယီဝတ်ပြုခွင့်တောင်းရာ တိုင်းအစိုးရက သုံးအိမ်တွင် ခွင့်ပြုထားခြင်းဖြစ်၏။ ဆိုတော့ ဝန်ကြီးချုပ်ကိုယ်တိုင်က တရားဝင်ခွင့်ပြုထားသော်လည်း တရားဥပဒေအရ အကာအကွယ် မပေးနိုင်ခဲ့ပေ။

၁၅ ရက်နေ့ ညဖြစ်စဉ်ကို ကြည့်ပါက အာဏာပိုင်များမှာ မျိုးချစ်ဟုဆိုသူတို့၏ မင်းမဲ့လုပ် ရပ်များကို မဟန့်တားနိုင်ခဲ့သော် လည်း ရှိရင်းစွဲအခြေအနေထက် မကြီးသွားအောင်၊ အဓိကရုဏ်း ပုံစံမျိုး မဖြစ်ပေါ်အာင် ထိန်းသိမ်း နိုင်ခဲ့သည်ကိုလည်း တွေ့ရပါ သည်။ သို့သော် အာဏာပိုင်တို့၏ ထိန်းသိမ်းမှုပုံစံမှာ မျိုးချစ်ဟုဆိုသူ တို့ လုပ်သမျှကို အကြမ်းဖက် အဓိကရုဏ်းပုံစံမျိုးမဖြစ်လျှင် ပြီး ရော၊ ကျန်တာ ဘာလုပ်လုပ် ဟန့် တားခြင်းမပြုသည့် နည်းဖြစ် သည်။ ဒါကို နောက်တစ်မျိုးဆိုရ သော် မျိုးချစ်ဟုဆိုသူတို့ ခြိမ်း ခြောက်သမျှ၊ စော်ကားသမျှ၊ ဥပ ဒေနှင့် မညီသော်လည်း အကြမ်းဖက်မှုမပါသည်အထိ ပြည်သူတို့ကျိတ်ခံရခြင်းဖြစ်သည်။

ယခုမှမဟုတ်။ ၂၀၁၇ ခုနှစ် ဧပြီ ၂၈ ရက်နေ့ည။ သာကေတ မြို့နယ် အနော်မာရပ်ကွက် (၁၁) လမ်းနှင့် (၁၂)လမ်းသို့ ကားတစ်စီး ပြီး တစ်စီးဖြင့် မျိုးချစ်ဟုဆိုသူ ၁၅၀ ခန့် ရောက်ရှိလာ။ ယင်းနေရာတို့တွင် တရားဝင် ဖွင့်လှစ်ထား သော အစ္စလာမ်ဘာသာရေးစာ သင်ကျောင်းနှစ်ကျောင်းအတွင်း ဘာသာရေးဆိုင်ရာ ဝတ်ပြုမှုများ ပြုလုပ်နေသည်ဟုဆိုကာ ဝင် ရောက်စစ်ဆေးရန် အာဏာပိုင် တို့ထံ ဖိအားပေးတောင်းဆို ခဲ့ သည်။

ဘာဆိုဘာမှ လုပ်ပိုင်ခွင့်အာ ဏာမရှိသော မျိုးချစ်ဆိုသူတို့၏ တောင်းဆိုမှုအပေါ် အာဏာပိုင် တို့က ညှိကြနှိုင်းကြ။ နောက်ဆုံး တော့ မျိုးချစ်ဆိုသူတို့အလိုကျ မျိုးချစ်တို့ကိုယ်တိုင် ပါဝင်သော ဝင်ရောက်စစ်ဆေးခြင်းအမှုပြုကြ သည်။ ပြောရလျှင် ယင်းအချိန်က အာဏာပိုင်တို့၏ ဆောင်ရွက် ချက်မှာ ပြဿနာမကြီးထွားလာ ရေး၊ အဓိကရုဏ်းအဆင့်ဖြစ်မ လာရေးသာဖြစ်ပြီး ဥပဒေနှင့်ညီ၊ မညီဆိုသည့် ပေတံမှာ ပျောက်ဆုံးခဲ့သည်။

အပြီးသတ်ရလဒ်မှာ ထို ဘာသာရေးစာသင်ကျောင်းနှစ် ကျောင်းအပိတ်ခံလိုက်ရသည်မှာ ယနေ့တိုင်ဖြစ်ပြီး ရပ်ကွက်အ တွင်းသို့ အုပ်စုဖွဲ့ ဝင်ရောက်ခြိမ်း ခြောက်ကာ အဆိုပါကျောင်းနှစ် ကျောင်းအတွင်းသို့ တရားမဝင် ဝင်ရောက်စစ်ဆေးခဲ့သူ မျိုးချစ် ဆိုသူတို့မှာ ယနေ့အချိန်ထိ တရားစွဲဆိုခံရခြင်းပင် မရှိခဲ့ပေ။

နောက်ထပ် သိပ်မကြာ ၂၀၁၇ မေလ ၉ ရက် ည ၁၀ နာရီခန့်တွင်လည်း မင်္ဂလာတောင်ညွန့် (၁၂၂) လမ်းသို့ မျိုးချစ်ဆိုသူတို့ ရောက်ရှိလာကာ ယင်းလမ်းရှိ အိမ်တစ်အိမ်၌ ဘင်္ဂါလီတစ်ဦးရှိ သည်ဟုဆိုကာ အာဏာပိုင်များ အား ဖိအားပေး ဝင်စစ်ခဲ့သေး သည်။ ဘာဘင်္ဂါလီကိုမှ ရှာမတွေ့ဘဲ ယင်းအိမ်ပေါ်က အဆင်းတွင် မျိုးချစ်ဟုဆိုသူက ရပ်ကြည့်နေ သော ရပ်ကွက်သားတစ်ဦးအား အကြောင်းမဲ့ ဝင်ရိုက်ခဲ့သည်။

 ပြီးတော့ ရှိသေးသည်။ ၂၀၁၈ ခုနှစ် မေလ ၁၂ ရက်နေ့၊ တာမွေအိုးရှင်းစင်တာရှေ့ စစ်ပွဲ ရပ်ဆန္ဒပြပွဲဖြစ်သည်။ ယင်းဆန္ဒ ပြပွဲတွင် မျိုးချစ်ဆိုသူတို့က အာ ဏာပိုင်များရှေ့တွင်ပင် စစ်ပွဲရပ် ဆန္ဒပြလူငယ်များနှင့် သတင်း ထောက်များကို အော်ဟစ်ဆဲဆို ကြိမ်းမောင်းခြင်းနှင့် ဆန္ဒပြလူ ငယ်အချို့ကို ဝင်ရောက်ဖမ်းဆီး ရိုက်နှက်ခြင်းတို့ ပြုမူခဲ့သည်။

အာဏာပိုင်တို့က မျိုးချစ် ဆိုသူတို့၏အော်ဟစ်ဆဲဆိုမှုအ ပေါ် လေသံပျော့ပျော့နှင့်ပင် ဟန့် တားခဲ့ခြင်းမရှိ။ အကြမ်းဖက်ရိုက် နှက်ဖမ်းဆီးခြင်းကိုလည်း ဥပဒေ မဲ့လုပ်ရပ်ဟုဆိုကာ ဟန့်တားခြင်း အဆင့်ပင် မပြုလုပ်ဘဲ ငြိမ်းချမ်း စွာဆန္ဒပြသော လူငယ်များအား  ဖမ်းဆီးမိရန်သာ အားထုတ်ခဲ့ သည်။

 အထက်ပါ ဖြစ်စဉ်များကို ကြည့်လိုက်ပါက မျိုးချစ်ဆိုသူတို့ မှာ ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ် များကို လိုင်စင်ရထားသူပမာ ဘယ်အာဏာပိုင်ကိုမှ မကြောက် ဘဲ ဆောင်ရွက်နေကြောင်း တွေ့ ရသလို အာဏာပိုင်တို့ကလည်း ထိရောက်သော ကိုင်တွယ်မှုအား နည်းခဲ့ကြောင်း တွေ့ရပေမည်။ယခုတောင်ဒဂုံဖြစ်စဉ်တွင် ဝတ်ပြုဆုတောင်းပွဲကို တားဆီး ပိတ်ပင်ရာ၌ ပါဝင်သူ မိုက်ကယ် ကျော်မြင့်ပါ နှစ်ဦးကို ပုဒ်မ ၅၀၅(ခ) ဖြင့် ချက်ချင်းဆိုသလို အမှုဖွင့်ခြင်းနှင့် မေလ ၁၇ ရက်တွင်ပင် ဝတ်ပြုဆုတောင်းပွဲကို အာဏာ ပိုင်တို့က ပြန်လည်ပြုလုပ်ခွင့်ပြု ခြင်းတို့သည် ခြေမြန်လက်မြန် ပြန်လည် တုံ့ပြန်လာနိုင်ခြင်းအဖြစ် ကြိုဆိုရမည်ဖြစ်သည်။

သို့သော် ယခင့် ယခင် အတွေ့အကြုံများအရ အဓိကရုဏ်းအသွင် ဖန်တီးသော မျိုးချစ်ဆိုသူတို့ကို အမှုဖွင့်၊ ဖမ်းဝရမ်းထုတ်သည်။ တစ်ဝက်မကသော ဖမ်းဝ ရမ်းအထုတ်ခံထားရသူများအား ဖမ်းမမိသည်ကိုလည်း တွေ့ရ သည်။ သေချာတာက မျိုးချစ်ဆို သူတို့၏မလိုလားအပ်သော လုပ် ရပ်များမှာ ရပ်တန့်မသွား။ ၎င်းတို့ မှာ ဂိုဏ်းအသွင်ဆောင်ပြီး တိုင်းပြည်တည်ငြိမ်မှုကို ရည်ရွယ်ချက် ရှိရှိ ဖျက်ဆီးသည့်သဘောနှင့် နိုင်ငံရေးရည်ရွယ်ချက်ပါသော ဘာသာရေးအရေခြုံအဓိကရုဏ်း ဖန်တီးခြင်းဖြစ်ကြောင်း တွေ့ရ သည်။ ထို့အပြင် ယနေ့အချိန်ထိ ခိုင်လုံသော အထောက်အထား များ ထုတ်မပြနိုင်သေးသော်လည်း မျိုးချစ်ဆိုသူတို့နောက်တွင် ကျောထောက်နောက်ခံကောင်း ရှိနေ ခြင်းအရ ပြဿနာတစ်ခုချင်း အလိုက်၊ တစ်ဦးချင်းအလိုက် အမှုဖွင့်ခြင်းမှာ ထိရောက်မှုမရှိ ကြောင်း ကောက်ချက်ချရပေ မည်။

ထို့ကြောင့် တကယ့်ရေ သောက်မြစ်အထိ ထိရောက်သော အရေးယူနိုင်မှု မရှိခဲ့လျှင်တောင် ကိုင်းဖျားကိုင်းနားများကို သမ္မတ ရုံး၏ တိုက်ရိုက်ကိုင်တွယ်မှုဖြင့် ထိရောက်သော နှိမ်နင်းမှုပြုလုပ် ရန် လိုပေမည်။

သို့မဟုတ်ပါက ၂၀၂၀ ရွေး ကောက်ပွဲနီးလာလေ တိုင်းပြည် တည်ငြိမ်မှုနှင့် ပြည်သူတို့၏နေ့စဉ် ဘဝကို ပိုမိုဒုက္ခပေးလာနိုင်သလို ဘာသာရေးအရေခြုံ အောက် လမ်းနိုင်ငံရေးနည်းမှာလည်း ပိုမို ရုန်းကြွလာမည် ဖြစ်ပါကြောင်း ဟောကိန်း ထုတ်လိုက်ချင်ပါ သည်။

No comments:

Post a Comment