Tuesday, May 21, 2019

သောက်သုံးရေ ရှားပါး ပြတ်လပ်နေသည့် လပွတ္တာမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းနီး ကျေးရွာများသို့ Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှု အစီအစဉ်မှ သောက်သုံးရေများ သွားရောက် လှူဒါန်း

သောက်သုံးရေ ရှားပါး ပြတ်လပ်နေသည့် လပွတ္တာမြို့နယ် ပြင်စလူမြို့အတွင်းရှိ အောင်လှိုင်ကျေးရွာ ကန့်မလာကျေးရွာနှင့် တပင်ကျောင်း ကျေးရွာများသို့ Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှု အစီအစဉ်မှ သောက်သုံးရေများ သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ပြင်စလူမြို့ မင်္ဂ္လာရေကန်မှ သောက်သုံးရေများကို စက်လှေများဖြင့် သယ်ယူကာ မင်္ဂ္လာသိဒ္ဓိ ကျောင်းတိုက် ဆရာတော် ဥူးအာနန္ဒာ ဦးဆောင်သည့် ဒေသခံ ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ ရေကြောင်းခရီးဖြင့် သောက်သုံးရေ ရှားပါး ပြတ်လပ်နေသည့် အောင်လှိုင်ကျေးရွာ၊ ကန့်မလာကျေးရွာနှင့် တပင်ကျောင်း ကျေးရွာများသို့ နေ့စဉ်သွားရောက်ပြီး သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြောင်း၊ အဆိုပါ သောက်သုံးရေ လှူဒါန်းမှု အစီအစဉ်အား မြန်မာ့ရေသန့် ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ရန်ကုန်မြို့နေ ဦးကျော်ဦး၊ ဒေါ်ကြွယ်ကြွယ်မိသားစု ဈေးလမ်း မြေနီကုန်း ရပ်ကွက် စမ်းချောင်းမြို့နယ်နှင့် မြောင်းမြမြို့ Grade - 6 သင်ရိုးသစ်သင်တန်း ဆရာ ဆရာမများ ကြိုပို့ ကားသမားများအဖွဲ့မှလည်း အလှူငွေများ ကူညီပံ့ပိုး ပေးခဲ့ကြောင်း သိရသည်။

“အန်တီတို့က တကယ်ဆို အေးအေးဆေးဆေး အထည်ပဲ ရောင်းနေသူတွေပါ။ သတင်းစာမှာ ဧရာဝတီတိုင်းဘက်မှာ ရေရှားနေတယ် ဆိုတာကို ဖတ်ရတော့ လှူချင်လာတာနဲ့ ဆက်သွယ်ပြီးတော့ လှူဒါန်းဖြစ်တာပါ။ အန်တီတို့က ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေပဲလေ အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ ဆိုသလို အခုလိုလှူ ဖြစ်တာပါ။ နောက်လည်း အများကြီး ဆက်လက် လှူဒါန်းနိုင်အောင် ကြိုးစားပါ့မယ်” ဟု ရေအလှူရှင် တစ်ဦးဖြစ်သူ ရန်ကုန်မြို့နေ ဒေါ်ကြွယ်ကြွယ်က ဆိုသည်။ ပင်လယ်ကမ်းနီး ကျေးရွာများတွင် သောက်သုံးရေ ရှားပါးပြတ်လပ်နေမှုနှင့် ပတ်သက်၍ ပြင်စလူမြို့ ဒေသခံ တစ်ဦးဖြစ်သူ ဦးကျော်ထွေးက “ကျွန်တော်တို့ စက်လှေ မနေ့ကဆို ပြာ့မလော့မြစ်ထဲမှာ လှိုင်းမိပြီး စက်ပျက်သွားတယ်။ ရေအလှူအဖွဲ့ စက်လှေ မှောက်တယ်လို့ သတင်းတွေ ပျံ့သွားသေးတယ်။ မမှောက်ပါဘူး။ ချောင်းကျဉ်းထဲကို ရောက်အောင်သွားပြီး ကမ်းကပ်နိုင်ခဲ့ပါတယ်။ ရေလိုတဲ့ ရွာတွေက အများကြီးပါ။ နေ့တိုင်းလိုလို လိုအပ်နေတော့တာပဲ။ ဒီဖက်က ခရီးလမ်းကြမ်းတော့ အလှူရှင်ကလည်း မလာနိုင်ဘူး။ အခု ဆရာတော် ဦးဆောင်တဲ့ ဒီ Eleven အဖွဲ့ကပဲ နိုင်သလောက် လိုက်လံ ပို့ဆောင်ပေးနေရတယ်” ဟု ပြောကြားသည်။

Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှု အစီအစဉ်မှ ပြင်စလူမြို့အတွင်းရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ သောက်သုံးရေ ရှားပါးပြတ်လပ်နေသည့် ပင်လယ်ကမ်းနီး ကျေးရွာများအား သောက်သုံးရေ လှူဒါန်းမှုများကို မိုးတွင်း သောက်သုံးရေ ရရှိသည်အထိ ဒေသခံများ အခြားသော အလှူရှင်များနှင့် ပူးပေါင်းကာ နေ့စဉ်လှူဒါန်း ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment