Thursday, June 20, 2019

လူ ၃ ဦး သေဆုံးခဲ့မှုသည် ရောဂါအခံကြောင့်ဟု ထုတ်ပြန်

ရာသီတုပ်ကွေးသံသယများ ဖြစ်ပွားနေစဉ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေသော လူနာများအနက် ၃ ဦး သေဆုံးခဲ့သော်လည်း အခြား ဆက်စပ်အကြောင်းအရာဖြင့် သေဆုံးခြင်းဟု ကျန်းမာရေးမှ ထုတ်ပြန်သည်။ ဇွန် ၁၇ ရက်နေ့အထိ သေဆုံးသူ ၃ ဦး ရှိခဲ့ပြီး ၎င်းတို့သည် နာတာရှည်ရောဂါ၊ မွေးဖွားပြီးမိခင်နှင့် သက်ကြီးရွယ်အို စသည့် ရောဂါအခံနှင့် ဆက်စပ်အကြောင်းအရာများကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြေညာသည်။



ထို့ပြင် ဇွန် ၁၉ ရက် ညအချိန်တွင် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ လမ်းညွှန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်ဦးဆောင်သောအဖွဲ့မှ သေဆုံးခဲ့သော လူနာ ၂ ဦး၏ နေအိမ်များသို့သွားရောက်ပြီး နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ ရာသီတုပ်ကွေးရောဂါအကြောင်းနှင့် ကာကွယ်နည်းလမ်းများကို လက်ကမ်းစာစောင်များဝေငှပြီး ကျန်းမာရေးအသိ ပညာ ပေးခြင်းနှင့် မိသားစုဝင်များနှင့် ပတ်ဝန်းကျင်တွင် တုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇွန် ၁၈ ရက်ကလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃)၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရာသီတုပ်ကွေး (H1N1) ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သေးသည်ဟုလည်း ထုတ်ပြန်သည်။

ထို့ပြင် ရောဂါဖြစ်ပွားခဲ့သောမြို့နယ်များတွင် တုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဆောင်ရွက်နေသည်ဟုလည်း တိုင်းကျန်းမာရေးဘက်မှဆိုသည်။

လက်ရှိတွင် ဇွန်လအတွင်း ရာသီတုပ်ကွေးသံသယလူနာ ၂၀ ဦး၊ ရာသီတုပ်ကွေးရောဂါ (H1N1pdm09) ဟု ဓါတ်ခွဲအတည်ပြုပြီးသူ ၇ ဦးရှိသည်။

No comments:

Post a Comment