Thursday, June 20, 2019

ပဋိပက္ခများကို စီမံခန့်ခွဲခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထောက်အကူပေးရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 ဖင်လန်နိုင်ငံ အခြေစိုက် ပဋိပက္ခစီမံခန့်ခွဲရေးအဖွဲ့ (CMI )နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ရုံးအဖွဲ့တို့ပူး တွဲ၍ ပဋိပက္ခများကို စီမံခန့်ခွဲခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အထောက်အကူပေးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။ ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ပြုလုပ်သည့် အဆိုပါ ဆွေးနွေးပွဲ၌ Crisis Management Initiative (CMI) တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံရုံးမှ ကောင်စစ်ဝန် မစ္စကာတီ ရား ဟာဗိုနမ် နှင့် JMC အဆင့်ဆင့်မှ ရုံးဝန်ထမ်းများ တက်ရောက် ခဲ့ကြောင်း JMC က သတင်းထုတ် ပြန်သည်။



CMI သည် ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) သို့နည်းပညာပိုင်းဆိုင်ရာ အထောက်အကူ ပေးအပ်နေသော အဖွဲ့ဖြစ် သည်။

ယမန်နေ့ဆွေးနွေးပွဲ၌ CMI ပညာရှင်များဖြစ်သော နော်ဝေးနိုင်ငံမှ အငြိမ်းစားဗိုလ်မှူးချုပ် Jan Erik Wilhelmsen နှင့် ဖင်လန်နိုင်ငံမှ အငြိမ်းစားဗိုလ်ချုပ် Jaakko Oksanen တို့က အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် နီပေါနိုင်ငံတို့ အပါအဝင် နိုင်ငံတကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှ အတွေ့အကြုံနှင့် သင်ခန်းစာများ၊ ပဋိပက္ခစီမံခန့်ခွဲရေးဆိုင်ရာ နည်းနာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းJMC  ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

JMC ကိုရန်ပုံငွေပေးအပ်သည့်ငြိမ်းချမ်းရေး ပူးပေါင်းရန်ပုံငွေ (JPF) ၏ ထောက်ပြမှုဖြင့်နိုင်ငံတကာပညာရှင်   နှစ်ဦးကို JMC နည်းပညာအထောက်အကူပြုအဖွဲ့   အကြံပေးအဖြစ် ခေါ်ယူရန်သဘောတူခဲ့ကြောင်း ပြည်ထောင်စုအဆင့် JMC အတွင်းရေးမှူး(၁) ဒေါက်တာ ရွှေ ခါးရ်က ပြောကြားထားသည်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးလုပ် ငန်းများအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တစ်နှစ်တာ ရန်ပုံငွေအဖြစ်  ဒေါ်လာ ၃ ဒသမ ၀၃ သန်းကို JPF က JMC အား ထောက်ပံ့မည်ဟု ထုတ်ပြန်ထားသည်။ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား တိုက်ပွဲများ၊ ပဋိပက္ခများမဖြစ် ပွားရေး၊ ပြဿနာဖြစ်ပေါ်လာ ပါက ပြေလည်မှုရရှိရန် ဆောင်ရွက်ရေး၊ ပြည်ထောင်စုအဆင့်၊ ပြည်နယ်၊ တိုင်းဒေသကြီးအဆင့် နှင့် ဒေသအဆင့် JMC များကို နှစ်ဖက်ကိုယ်စားလှယ်များ၊ အရပ်သား ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။ လက်ရှိတွင်  ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) နှင့် ကရင်လက်နက်ကိုင်အဖွဲ့ (KNU) တို့က JMC တွင်ပါဝင်မှု ယာယီရပ်ဆိုင်ထား၍ JMC ဆိုင်ရာတရားဝင် အစည်းအဝေးများ မကျင်းပ နိုင် ဖြစ်နေသည်။

No comments:

Post a Comment