Thursday, June 20, 2019

ရေခဲတောင်တွေရဲ့ အလှကို လူသိစေမယ့် မြန်မာဓာတ်ပုံဆရာ

မောင်နှမများလှတဲ့အပြင် တစ်ဝမ်းတစ်ခါးအတွက် ရုန်းကန်နေရတဲ့ ကိုကျော်သာအဖို့ ငယ်စဉ်က ငွေရေးကြေးရေး မပြေလည်ခဲ့ပါ။ ကြုံရာကျပန်းလုပ်ကိုင်ရတဲ့ သူ့မှာဘယ်အရာမှ ဝါသနာထုံတယ်ရယ်လို့ တွေးချိန်မရှိ။ တစ်ခါတစ်ရံ ပန်းရံဆရာအဖြစ်လည်း လုပ်ကိုင်ရတဲ့သူ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက ဘဝဟာ ခက်ခဲပင်ပန်းပေမဲ့ သူ့ဇာတိ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရဲ့ တောတောင်သဘာဝအလှကြောင့် ချွေးတိတ်ရပြန်တယ်။


ငွေလေး ပိုပိုသာသာရှာနိုင်အောင် ရန်ကုန်ပြောင်း အလုပ်လုပ်ဖို့ ဆုံးဖြတ်ပြီး တစ်နိုင်တစ်ပိုင် စားသောက်ဆိုင်လေးကို မောင်နှမတွေနဲ့အတူ ကြိုးစား လည်ပတ်ရင်း ကိုကျော်သာတစ်ယောက် စားပွဲထိုးတော့လည်း သူ၊ စားဖိုမှူးလည်း သူသာပင် ဖြစ်ခဲ့ရပါတယ်။

ငွေကြေးပြေလည်လာချိန်မှာတော့ မိသားစုလုပ်ငန်းအတွက် အပြည့်မြှုပ်နှံထားတဲ့ သူ့ကိုယ်ပိုင်အချိန်တွေကို ပြန်ကဲ့ယူရင်း ပုန်းကွယ်နေတဲ့ဝါ သနာကို ပြန်တူးဆွပါတော့တယ်။ ကင်မရာတစ်လုံးဝယ်ပြီး မြန်မာနိုင်ငံဓာတ်ပုံအသင်းမှာ သင်တန်းတက်ရင်း ဓာတ်ပုံအနုပညာကို တစိုက်မတ်မတ် လေ့လာတယ်။

ဓာတ်ပုံပညာတတ်မြောက်လာတဲ့နောက် တောရိပ်တောင်ရိပ်နဲ့ အသားကျ ကြီးပြင်းခဲ့ရသူပီပီ ရှုခင်းပုံတွေရိုက်ရတာ သဘောကျလာတယ်။ မြို့ပြယဉ်ကျေး မှုတွေထက် တောတောင်ရိပ်ကိုသာနင်းဖို့ အားသန်နေတဲ့ကိုကျော်သာမှာ လွန်ခဲ့တဲ့ခြောက်နှစ်က အတွေးတစ်စ ဝင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရေခဲတောင်ရှိပါလျက်နဲ့ တောတောင်အလှ မှတ်တမ်းဓာတ်ပုံနည်းနေခြင်းကို သူမကြိုက်ခဲ့သလို အကျိုးဆက်အနေနဲ့ ဒီမှာနေထိုင်တဲ့သူတွေက ကိုယ့်နိုင်ငံမှာ ရေခဲတောင်ရှိမရှိပင် မသေချာ မရေရာဖြစ်နေတာ ကိုလည်း သူတွေ့လာရတယ်။

"ရေခဲတောင်ဆိုတာ နိုင်ငံရဲ့ ထင်ရှားတဲ့ အရာတစ်ခုပေါ့။ ဒါပေမဲ့ ကိုယ့်နိုင်ငံမှာ ဒီရေခဲတောင်တွေနဲ့ ပတ်သက်ပြီး ဓာတ်ပုံမှတ်တမ်း တော်တော်ရှားတယ်။ ဒါကြောင့် ၂၀၁၄ ကစပြီး ရေခဲတောင်စတက်ဖြစ်ခဲ့တယ်" လို့ ကိုကျော်သာက ပြောပါတယ်။

ကိုယ့်ဆီမှာရှိနေတဲ့ လူမသိတဲ့အလှအပကို အားမရတဲ့ အတွေးတစ်စကပဲ သူ့ကို မြန်မာနိုင်ငံမြောက်ဖျားက ခါကာဘိုရာဇီရေခဲတောင်ထိပ်လို့ ယူဆရတဲ့ နေရာအထိရောက်အောင် တွန်းတင်နိုင်ခဲ့ပါတယ်။ ပြီးတော့ အရှေ့တောင်အာရှ မှာ အမြင့်ဆုံးရေခဲတောင်ဖြစ်တဲ့ ခါကာဘိုရာဇီခရီးစဉ်တစ်လျှောက်က မှတ်တမ်းဓာတ်ပုံတွေကို တစ်ပွေ့တစ်ပိုက်ပြန်သယ်လာခဲ့ပါတယ်။

ခါကာဘိုရာဇီက ပြန်လမ်းမဲ့ ရေခဲတောင်တဲ့လား

မြန်မာနိုင်ငံသား နမားဂျွန်ဆင်နဲ့ ဂျပန်နိုင်ငံသား တာကာရှီ အိုဇာကီတို့ ၁၉၉၆ ခုနှစ်က တောင်ထိပ်ပိုင်းအထိရောက်အောင် တက်ရောက်ခဲ့ပြီးတဲ့နောက် ခက်ခဲလွန်းတဲ့ ရေခဲတောင်ခရီးစဉ်ကြောင့် တောင်တက်သမားအနည်းငယ်သာ တောင်ထိပ်ထက်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ခါကာဘိုရာဇီကို နာမည်ဆိုးကြားမှာ ပိတ်မိစေခဲ့တာကတော့ ၂၀၁၄ ခုနှစ်ကဖြစ်ခဲ့တဲ့ မတော်တဆအဖြစ်အပျက်ပါ။ တောင်တက်သမား ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူတို့နှစ်ယောက် တောင်ထိပ်ပိုင်းကို အောင်မြင်စွာခြေချနိုင်ခဲ့ကြောင်း ရေဒီယိုအသံလှိုင်းနဲ့ အကြောင်းကြားအတည်ပြုပြီးနောက် ပြန်ဆင်းလာတဲ့လမ်းမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ ရှာဖွေရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်ခဲ့ပေမဲ့ ရဟတ်ယာဉ်ပျက်ကျပြီး လေယာဉ်မှူးပါ ထပ်မံသေဆုံးသွားခဲ့ပါတယ်။

ခါကာဘိုရာဇီ ရေခဲတောင်တစ်ဝိုက်က အန္တရာယ်များသည့်တိုင် မြို့ပေါ်ကနေ တောင်ခြေကို သွားတဲ့လမ်းတစ်လျှောက်မှာ လူအရောက်အပေါက်နည်းမှုနဲ့ အတူ မဖော်ထုတ်ရသေးတဲ့ သဘာဝမိုးသစ်တောတွေ၊ တသွင်သွင်စီးဆင်းနေတဲ့ ချောင်းတွေ၊ ကျောက်တုံးကျောက်စိုင်ကြီးတွေနဲ့ ပြည့်နှက်နေတဲ့ ရှုခင်းတွေက ရင်သပ်ရူမောဖွယ်ရာပါပဲ။

ရှုခင်းဓာတ်ပုံဆရာ ကိုကျော်သာတစ်ယောက် အဲဒီအရိုင်းဆန်တဲ့ ရှုခင်းတွေရဲ့ ညှို့ငင်ဖမ်းစားမှုအောက်မှာ ကင်မရာတစ်လုံးနဲ့ နစ်မျောရပြန်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ပထမအကြိမ် တောင်တက်ရိုက်ကူးခဲ့ပြီး မကျေနပ်သေးဘဲ ၂၀၁၇ ခုနှစ်မှာလည်း နောက်တစ်ကြိမ် တက်ရောက်ခဲ့ပါသေးတယ်။ ဒီလိုနဲ့ ခါကာဘိုရာဇီရေခဲတောင်ရှုခင်းရိုက်ကူးတဲ့ လူနည်းစုဓာတ်ပုံဆရာထဲမှာ သူလည်း ပါဝင်လာပါတယ်။

ဝါရင့်တောင်တက်သမားတွေအတွက်တောင် ခက်ခဲတဲ့ခရီးစဉ်မို့ သူ ပထ မဆုံးအကြိမ် သွားတက်မယ်ဆိုကတည်းက မိသားစုနဲ့ မိတ်ဆွေတွေက မသွားဖို့ ဝိုင်းတားကြပေမဲ့ ဘယ်အရာမှ သူ့စိတ်ဆန္ဒကို မရပ်တန့်နိုင်ခဲ့ပါဘူး။

သေတမ်းစာ

ပထမဆုံး သူ့ရဲ့ရေခဲတောင်တက် ခရီးစဉ်မစတင်မီမှာပဲ သူ့ရှေ့နေနဲ့တ ကွ သေတမ်းစာကို ပြင်ဆင်ခဲ့ပါတယ်။ သေတမ်းစာမှာတော့ သူမတော်တဆ သေဆုံးခဲ့ပါက ရိုက်ကူးရရှိခဲ့သမျှ မှတ်တမ်းဓာတ်ပုံတွေကို ဓာတ်ပုံအသင်းအပိုင်အဖြစ် လွှဲပြောင်းပေးဖို့နဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့ ဖော်ပြထားပါတယ်။

"မိသားစုအတွက် မရေးဘူး။ ဓာတ်ပုံကိုပဲ စိတ်ပူတာ။ ကိုယ်က အသက်နဲ့ရင်းပြီးယူထားတဲ့ ဓာတ်ပုံဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် တန်ဖိုးရှိတဲ့နေရာမှာ သုံးခွင့်ရချင်တယ်" လို့ အသင်းကို လွှဲပြောင်းပေးဖို့ သေတမ်းစာထားခဲ့တဲ့အပေါ် သူ့ခံယူချက်ကို ပြောပါတယ်။

ရက်ပေါင်းလေးဆယ်ကြာပြီး သိန်းလေးရာ ကုန်ကျခဲ့တဲ့ သူ့ရဲ့ပထမဆုံး ခါကာဘိုရာဇီခရီးစဉ်မှာတော့ တောင်ထိပ်ပိုင်းရောက်အောင်တက်ဖို့ မအောင်မြင်ခဲ့ဘဲ ရာသီဥတုဆိုးရွားတဲ့ကြားက ကံကောင်းစွာနဲ့ တောင်ခြေကို ပြန်ခြေချနိုင်ခဲ့ပါတယ်။ ခရီးစဉ်တစ်လျှောက် ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံပေါင်း၂၀ဝ ကျော် ပါဝင်တဲ့ ဗာဖေငညါေုံဘေသျွဖေင ဓာတ်ပုံမှတ်တမ်းစာအုပ်ကို ၂၀၁၇ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။

မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာနဲ့ ရေးသားထားတဲ့စာအုပ်မှာ တောင်တက် ခရီးစဉ်ရဲ့ စွန့်စားခန်းတွေနဲ့ ရှာဖွေတွေ့ရှိမှုတွေ ပါဝင်တယ်။

"လောပြီးတော့ ထုတ်လိုက်တာ။ ဒုတိယအကြိမ် (ခါကာထပ်တက်ရင်) ဘာဖြစ်မလဲဆိုတာ ကိုယ်လည်း မသိဘူးလေ။ တော်ကြာ သေခဲ့ရင် စာအုပ်မထုတ်ခဲ့ရဘဲနေမယ်ဆိုတဲ့ စိတ်ပူတဲ့စိတ်နဲ့ လောထုတ်လိုက်ရတာ" လို့ သူက ဆိုပါတယ်။

စာအုပ်ထဲမှာ တောင်ခြေပိုင်းတစ်ဝိုက်က ရှုခင်းဓာတ်ပုံကောင်းတွေ၊ မြို့နဲ့အလှမ်းဝေးတဲ့နေရာက ရွာငယ်တွေ၊ အရိုင်းပန်းပင်လေးတွေနဲ့ ကျောက်တုံး ကျောက်စိုင်တွေပေါ်မှာ အနီရောင်ရေညှိလေး လွှမ်းခြုံနေတာမျိုး၊ ထူးခြားတဲ့ သဘာဝအလှတရားကို ဓာတ်ပုံတွေအဖြစ် ဖော်ပြထားပါတယ်။

ကိုကျော်သာက လှပတဲ့ရှုမျှော်ခင်းတွေချည်းမဟုတ်ဘဲ တောင်ခြေ မရောက်ခင် ရွာလေးတွေမှာနေထိုင်ကြတဲ့ ရွာသားတွေနဲ့ လူမှုဘဝကိုလည်း မှတ်တမ်းတင်ခဲ့ပါတယ်။ ရွာက ကလေးငယ်တွေ ဖြုတ်ကိုက်တဲ့ဒဏ်ကြောင့် အမာရွတ်တွေဖြစ်နေတာတွေ၊ ဆန်မရနိုင်တဲ့အတွက် တာဝန်ကျဆရာမတချို့ မြို့ပေါ်ပြန်ပြေးတာတွေ စသဖြင့် ဒေသခံတွေရဲ့ အခက်အခဲကိုလည်း ဖော်ပြ ထားပါတယ်။

တောင်ထိပ်ဖျားဆီသို့

ရှုခင်းဓာတ်ပုံတွေကို မှတ်တမ်းတင်ဖို့ ရည်ရွယ်ချက်နဲ့သာ ရေခဲတောင်စတက်ဖြစ်ခဲ့ပေမဲ့ ကိုကျော်သာတစ်ယောက် တောင်တက်သမားတစ်ပိုင်း ဖြစ်သွားချိန်မှာတော့ တောင်ထိပ်ရအောင် တက်မယ်ဆိုပြီး စိတ်အားထက်သန်လာခဲ့ပါတယ်။

"ကျွန်တော် တောင်ထိပ်တစ်ခုရောက်ပြီးတိုင်း ဆုတောင်းတယ်။ ဒီတောင်ထိပ်ကို ကျွန်တော်ရောက်ခဲ့ပြီးပြီ။ နောက်ထပ် တောင်ထိပ်တစ်ခုကို ကျွန်တော်တက်မယ်ဆိုတာကို အဲဒီတောင်ကို အာရုံပြုပြီး ကျွန်တော်မေတ္တာပို့တယ်" လို့ သူကပြောပါတယ်။

သူ့မှတ်တိုင်က ခါကာဘိုရာဇီတောင်ထိပ်တစ်ခုတည်း မဟုတ်ပါဘူး။ ခါကာဘိုရာဇီတောင် မတက်ခင်မှာ ဖုန်ကန်၊ ဖုန်ရင်နဲ့ ဖန်ဂရန်ရာဇီ တောင်သုံးလုံးကို တစ်လုံးပြီးတစ်လုံး ထိပ်ထိရောက်အောင် ၃၂ ရက်အတွင်း ဆက်တိုက် တက်ရောက်ခဲ့ပါသေးတယ်။ မဒွယ်ရာဇီရေခဲတောင်ကိုလည်း သီးခြား တက်ခဲ့ ပါတယ်။

တောင်တိုင်းက ကိုယ်စီ သဘာဝအလှတရားနဲ့ဖြစ်ပြီး အမြင့်ပိုင်းရောက်လေ၊ အလှတရားကို ရှာတွေ့လေပါပဲ။ ကိုကျော်သာအတွက်တော့ ဖုန်ကန်တောင်ထိပ်က ခါကာဘိုတောင်ထိပ်ပိုင်းထက်တောင် ပိုလှတယ်လို့ ဆိုပါတယ်။

အမြင့်ဆုံးတောင် မဟုတ်သည့်တိုင် တောင်ထိပ်ကနေကြည့်ရင် ဘေးပတ်လည်တောင်တွေ ဝိုင်းရံထားတဲ့ လှပတဲ့မြင်ကွင်းကြောင့် ဓာတ်ပုံဆရာတွေ ကိုလည်း ရှုခင်းတွေ မှတ်တမ်းတင်ဖို့အတွက် ဖုန်ကန်တောင်ကို သူထောက်ခံ ချင်ပါတယ်။

တစ်ခါတလေ တောင်ထိပ်မှာ မြူတွေနဲ့ တိမ်ထူထူတွေက မြင်ကွင်းတွေကို ဖုန်းကွယ်ထားနိုင်တဲ့အတွက် တောင်တက်ရင် အချိန်ရွေးတက်ဖို့လည်း လိုပြန်ပါတယ်။ အာရုံတက်ချိန်ကတော့ အကောင်းဆုံးပဲလို့ သူကပြောပါတယ်။

ခါကာဘိုရာဇီတောင် မတက်ခင်မှာ ဖုန်ကန်၊ ဖုန်ရင်နဲ့ ဖန်ဂရန်ရာဇီ တောင်သုံးလုံးကို တစ်လုံးပြီးတစ်လုံး ထိပ်ထိ ရောက်အောင် ၃၂ ရက်အတွင်း ဆက်တိုက်တက်ရောက်ခဲ့

"တောင်ထိပ်မှာ ညဘက်အချိန်ကုန်ရတာ၊ မနက်ခင်း နေစထွက်လာ တဲ့အချိန် စောင့်ရတာ ကြိုက်တယ်"လို့ ကိုကျော်သာက ပြောပါတယ်။

ခြေတစ်လှမ်း လှမ်းတိုင်း သေမင်းတံခါးဝဆီကို ဦးတည်နိုင်တဲ့အတွက် ရေခဲတောင်တက်အတွေ့အကြုံတွေကတစ်ဆင့် သတိကြီးကြီး ထားတတ်တဲ့ အကျင့်၊ နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့တော်ရုံအခက်အခဲတွေကိုလည်း လွယ်လွယ်လက်မလျှော့တတ်တဲ့အကျင့် ရခဲ့ပါတယ်။

ကိုကျော်သာက သူအကြိုက်ဆုံး (ဖုန်ကန်ရာဇီထိပ်ကပုံအပါအဝင်) ရေခဲတောင်ပုံ လေးပုံကို အမျိုးသားပြတိုက်ကို သွားရောက်လ·ဒါန်းထားပါသေး တယ်။ ပုံအများစုကိုတော့ သူ့ Amazing Hkakabo Razi စာအုပ်မှာ တွေ့မြင်နိုင်ပါတယ်။

လက်ရှိအချိန်မှာတော့ မကြာခင်က မွေးဖွားခဲ့တဲ့ သူ့သားငယ်လေးရဲ့ အူ ဝဲဆိုတဲ့ငိုသံက တောင်တွေရဲ့ခေါ်သံကိုကျော်ပြီး ကိုကျော်သာကို အနိုင်ရရှိထားပါတယ်။ သူ့ကလေး တောင်တက်ဖို့ သင့်တော်တဲ့အရွယ်ရောက်ရင်တော့ မိသားစုတောင်တက်အတွေ့အကြုံလေး ယူအုံးမယ်လို့ သူ့စိတ်ထဲမှာ ကြုံးဝါးလို့နေပါတယ်။

No comments:

Post a Comment