Thursday, June 20, 2019

၂၀၁၉ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူလုံးဝမရှိခဲ့သည့်ကျောင်း တစ်နိုင်ငံလုံးတွင် ၁၇၀ ကျော်ရှိ၊ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ကျောင်းအများဆုံးပါဝင်

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ လုံးဝမရှိခဲ့သည့်ကျောင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁၇၀ ကျော်ရှိကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် ဇွန် ၈ ရက်တွင် ထုတ်ပြန်ခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွင် ကျောင်းသား၊ ကျောင်းသူ ငါးသိန်းကျော်ကျရှုံးခဲ့ပြီး အောင်ချက် လုံးဝမရှိခဲ့သော အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၇၀ ကျော် အထိရှိခဲ့ကြောင်း၊ အောင်ချက်လုံးဝမရှိခဲ့သော ကျောင်း များထဲတွင် အစိုးရအခြေခံပညာအထက်တန်းကျောင်း များသာမက ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းများပါ ပါဝင်နေကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ စာရင်းများအရ သိရ သည်။



""မွန်ပြည်နယ်က အဲဒီလို အောင်ချက်လုံးဝမရှိတဲ့ ကျောင်းက ဒီနှစ်မရှိဘူး။ နောက်တစ်ခုက ဘကကျောင်း နှစ်ကျောင်း၊ ကိုယ်ပိုင်ကျောင်း လေးကျောင်းပါတယ်""ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ဇွန် ၁၈ ရက်တွင် ဒီမိုကရေစီတူဒေးသို့ အတည်ပြု ပြောကြားသည်။

ယင်းကဲ့သို့ အောင်ချက်လုံးဝမရှိခဲ့သော ကျောင်း များ အရေအတွက် အများဆုံးဒေသများမှာ ချင်းပြည် နယ်မှ ၂၂ ကျောင်း၊ ရခိုင်ပြည်နယ်မှ ၂၂ ကျောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၂၀ ကျောင်း၊ မကွေးတိုင်း ဒေသကြီးမှ ၁၈ ကျောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မှ ၁၈ ကျောင်းတို့ဖြစ်ကြောင်း၊ အောင်ချက်လုံးဝမရှိခဲ့ သော ကျောင်းများ ပေါ်ထွက်လာရခြင်းမှာ မကြာသေး မီကမှ အဆင့်တိုးထားသော ကျောင်းများဖြစ်ပြီး ဆရာ၊ ဆရာမ လုံလောက်စွာမရှိသည့်
ကျောင်းများဖြစ်နေခြင်း ကြောင့်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

""အောင်ချက် ဇီးရိုးဖြစ်တဲ့ ကျောင်းတွေဆိုတာ အဆင့်တိုးထားတာ မကြာသေးတဲ့ကျောင်းတွေ များ တယ်။ အဲဒီလိုကျောင်းတွေဆိုရင် ဆရာကိုလည်း ချက် ချင်းမခန့်နိုင်ဘူး။ ဆရာခန့်မယ်ဆိုရင်လည်း အစိုးရ အဖွဲ့အထိတင်ပြီး ခွင့်ပြုချက် ယူရတာလေ။ ပြည်သူ က ဘာလိုချင်လဲဆိုတော့ ကျောင်းကို လိုချင်တယ်။ ကျောင်းပေးပေမယ့် လိုအပ်တဲ့ ဆရာလည်း မခန့်နိုင် သေး၊ ဆရာငှားသင်ဖို့အတွက်ကလည်း မငှားနိုင်နဲ့ဆို တော့ အောင်ချက်က ကျမှာပဲ။ နံပါတ်တစ်အနေနဲ့ သင်ကြားရေးအတွက် ဆရာ အပြည့်အစုံ မခန့်နိုင်ဘူး။ နံပါတ် နှစ်အနေနဲ့ မဖွံ့ဖြိုးတဲ့နေရာတွေက ကျောင်း တွေဖြစ်တော့ ဆရာတွေကလည်း အရည်အသွေးမပြည့် သေးတဲ့ ဆရာတွေဖြစ်တယ်။

ကလေးတွေကလည်း နဂို အရည်အသွေးမပြည့်တဲ့ ကလေးတွေဖြစ်ဟန်တူ တယ်။ နောက်တစ်ခုက မိဘတွေက ကျောင်းကို လို ချင်ပေမယ့် ပညာရေးကို အားမပေးတဲ့သူတွေဖြစ်တော့ အောင်ချက်က ကျနေမှာပဲ။ ဆရာတို့အနေနဲ့ကတော့ ပထမနှစ်မှာ
အောင်ချက်ကျတယ်ဆိုရင် ဒုတိယနှစ်မှာ အဲဒီကျောင်းတွေကို ပိုပြီးဂရုစိုက်ရမှာပေါ့။ ဆရာလို ရင် ဆရာဖြည့်ပေးတာမျိုးပေါ့""ဟု အခြေခံပညာဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြော သည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့သည် နှစ်စဉ် အောင်ချက်အနည်းဆုံး ဒေသများဖြစ်သလို အောင်မြင် သူ လုံးဝမရှိသည့် ကျောင်းအရေအတွက်မှာလည်း ယခင်နှစ်က ချင်းပြည်နယ်တွင် ၂၈ ကျောင်း၊ ရခိုင်ပြည် နယ်တွင်၂၀ ကျောင်းရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment