Thursday, June 20, 2019

ငမိုးရိပ်တံတား (ကမာကြည် ၂) တံတားနိမ့်ဆင်းမှုဖြစ်၊ တည်ဆောက်ခဲ့သည့်ကုမ္ပဏီအား ပြန်လည်ပြုပြင်စေမည်ဟုဆို

ယခုနှစ် ဖေဖော်ဝါရီလ အစပိုင်းက စတင်ဖွင့်လှစ်အသုံးပြုခွင့်ပေးခဲ့သော သုဝဏ္ဏနှင့် ဒဂုံမြို့သစ်တောင်ပိုင်း ဆက်သွယ်ထားသည့် ငမိုးရိပ်တံတား (ကမာကြည် ၂) တံတားနိမ့်ဆင်းမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် တည်ဆောက်ခဲ့သည့်ကုမ္ပဏီအား ပြန်လည်တာဝန်ယူပြင်ဆင်စေမည်ဖြစ်ကြောင်း တောင်ဒဂုံမြို့နယ် ၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဇွန် ၂၀ ရက်တွင် ပြောသည်။


”သုဝဏ္ဏဘက်အခြမ်းရော ၊ တောင်ဒဂုံဘက်အခြမ်းမှာပါ နိမ့်ဆင်းသွားတာပါ။နှစ်လက်မလောက် နိမ့်ဆင်းသွားတယ်။ဘာကြောင့်လဲဆိုတာကတော့ ကျွန်တော်တို့လည်း ပညာရှင်မဟုတ်တော့ အတိအကျမပြောနိုင်ဘူး။ပညာရှင်တွေနဲ့ ပတ်ဝန်းကျင်ကပြောတာတွေကတော့ အများကြီးပေါ့။တချို့လည်း စက်မှုဇုန်ဘက်ကနေ ဝန်ပိုတွေနဲ့တက်တာ များလို့နိမ့်ဆင်းတယ်လို့ပြောတာတွေရှိသလို ၊ မြေသားပျော့လို့ နိမ့်ဆင်းတယ်ဆိုတာမျိုးလည်းပြောတာတွေရှိတယ်”ဟု ဦးညီညီကပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းနှင့် သုဝဏ္ဏကိုဆက်သွယ်ထားသည့် ငမိုးရိပ်တံတား(ကမာကြည် ၂)ကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်က ဖွင့်ခဲ့ပြီး တံတားတည်ဆောက်မှု ကုန်ကျစရိတ်မှာ ကျပ်သန်းပေါင်း ၅၈၀၀ ကျော်အထိရှိခဲ့ကြောင်း တံတားဖွင့်လှစ်စဉ်ကပါဝင်ခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ အင်ဂျင်နီယာဌာနမှ ဦးစီးအရာရှိတစ်ဦးက ပြောသည်။

အဆိုပါတံတားသည်သုဝဏ္ဏမြို့နယ် သုဝဏ္ဏမြို့ဦးဆုတောင်းပြည့်စေတီအနီးမှ ဒဂုံမြိုသစ်တောင်ပိုင်းမြို့နယ် စက်မှုဇုန်မိုးကုတ်လမ်းသို့ ဆက်သွယ်ထားသည့်တံတားဖြစ်သည်။ ငမိုးရိပ်တံတား(ကမာကြည် ၂) သည် တံတားအရှည် ၈၄၆ပေ ၊ချည်းကပ်လမ်းပေ၃၉၀ ၊စုစုပေါင်းတံတားအရှည် ၁၂၃၆ပေ ၊ ယာဉ်သွားလမ်းအကျယ်၂၆ပေ ၊ ရေလမ်းကင်းလွတ်ခွင့်အမြင့် ၁၈ ပေ သတ်မှတ်ဆောက်လုပ်ထားခြင်းဖြစ်သည်။ အဆိုပါတံတားကို မြတ်နိုးသူဆောက်လုပ်ရေးက တာဝန်ယူဆောက်လုပ်ခြင်းဖြစ်ပြီး ခြောက်လအတွင်း အပြီးဆောက်လုပ် အကောင်ထည်ဖော်ခဲ့ခြင်းဖြစ်သည်။

တံတားအမျိုးအစားမှာ သံကူကွန်ကရစ်ဘိုးပိုင်အုတ်မြစ် (R.C.C. Bored Pile) ၊ သံကူကွန်ကရစ် ဘိုးပိုင်ထိပ်အုပ် R.C.C.Pile Cap၊နှင့် သံကူကွန်ကရစ် တိုင်နှင့် ကန့်လန့်ရက်မ (R.C.C.Pier and Cross Beam) အမျိုးအစားတို့ဖြစ်ပြီး တံတားရက်မများကို သံကူကွန်ကရစ်ရက်မ (R.C.C Girders)အရှည် ၂ဝ မီတာ၊ကြိုတင်အားဖြည့် သံကူကွန်ကရစ်ရက်မ (P.S.C.e-Beam) အရှည် ၃၆ မီတာစီနှင့်သံမဏိသံပေါင်ရက်မ (Steel Twin Box Girders) အရှည် ၆ဝ မီတာကို အသုံးပြုတည်ဆောက်ထားကြောင်း သိရသည်။

”မြန်နိုင်သမျှ မြန်မြန်ပြုပြင်စေချင်ပါတယ်။ဒါက ခရီးသွားပြည်သူတွေအတွက်လည်း အန္တရာယ်ကင်းအောင်ပေါ့။ ကျွန်တော်တို့ကတော့ ဒီလိုနိမ့်ဆင်းလာတာကို ဆောင်လုပ်ပေးခဲ့တဲ ကုမ္ပဏီကိုပဲ ပြန်ပြီးပြုပြင်ခိုင်းရမှာပေါ့။ကုမ္ပဏီဘက်ကလည်း လုပ်ပေးမှာပါ။ တင်ဒါအောင်လို့ဆောက်ခဲ့တဲ့ ကုမ္ပဏီပဲဆိုတော့ သူတို့ကလည်း ပြန်ပြင်ပေးမှာပါ”ဟု ဦးညီညီကဆက်လက်ပြောဆိုထားသည်။

No comments:

Post a Comment