Thursday, June 20, 2019

အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် စာသင်ချိန်တိုးမြှင့်

ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများ အားလုံးတွင် ယခုလကုန်မှစ၍ ကျောင်းစာသင် ၄၅ မိနစ်တစ်ချိန် မဖြစ်မနေ တိုးမြှင့်သင်ကြားရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။ သင်ရိုးဟောင်းတွင် စာသင်ချိန်ခုနစ်ချိန်သာရှိပြီး လက်ရှိသင်ကြားနေ သည့် သင်ရိုးသစ်တွင် စာသင်ချိန်လိုအပ်ခြင်းကြောင့် ၄၅ မိနစ် တစ်ချိန် ထပ်မံတိုးမြှင့်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။



"တိုးမြှင့်စာသင်ချိန်အတွင်းမှာ ကလေးတွေအတွက် ထိရောက်တဲ့ သင်ကြားမှုကိုသင်ကြားပေးမှာ၊ သင်ရိုးသစ်နဲ့ဆိုရင် စာသင်ချိန်က ရှစ်ချိန်ရှိမှရမယ်။ ဒါမှ နိုင်ငံတကာသင်ရိုး၊ အာဆီယံသင်းရိုး တွေနဲ့ ကိုက်ညီမှာ။ အရင်ကလည်း ရှစ်ချိန်သင်ခဲ့တာတွေရှိတယ်၊ အထူးအဆန်း မဟုတ်ဘူး" ဟု ဦးကိုလေးက ပြောသည်။

တိုးမြှင့်စာသင်ချိန် ၄၅ မိနစ်တွင် အိမ်တွင်းမှု၊ စက်မှုလက်မှု၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ အနုပညာ (ဂီတ၊ပန်းချီ)၊ ဘဝတွက်တာ၊ ဖွံ့ဖြိုးရေး၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးစသည်တို့ကို သင်ကြားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခုနှစ်တွင် အလယ်တန်းနှင့် အထက်တန်း ကျောင်းများ၏ စာသင်ချိန်ကို တိုးမြှင့်ခြင်းဖြစ်ပြီး နောက်နှစ်များတွင်အခြေခံ ပညာမူလတန်းကျောင်းများ၏ စာသင်ချိန်ကို ဆက်လက်တိုးမြှင့်မည်ဖြစ်ကြောင်း ဦးကိုလေးဝင်းက ပြောသည်။

မြန်မာနိုင်ငံ၏ အခြေခံပညာရေးစနစ်ကို နိုင်ငံတကာနည်းအတိုင်းသူငယ် တန်း+၁၂ (KG+12) တန်း စနစ်သစ်ဖြင့် ၂၀၂၂- ၂၃ ပညာသင်နှစ်ကစတင်ပြီး ပြောင်းလဲသင်ကြားနိုင်ရန် ပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်လျက်ရှိပြီး ယခုနှစ် ၂၀၁၉-၂၀ ပညာသင်နှစ်တွင် Grade-3 နှင့် Grade-6 အတန်းများ၏ သင်ရိုးကို စတင်ပြောင်းလဲခဲ့သည်။

ထို့မတိုင်မီသူငယ်တန်း +၁၂တန် (KG+12) စနစ်သစ်အတွက် ၂၀၁၆- ၁၇ ပညာသင်နှစ်တွင် သူငယ်တန်း၊ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် Gra de-1 ၊ ၂၀၁၈-၁၉ ပညာသင်နှစ်တွင် Grade-2 သင်ရိုးညွှန်းတမ်းများကို သင်ရိုးအသစ် ပြောင်းလဲ သင်ကြားခဲ့သည်။

ထို့အတူ ၂၀၂၀-၂၁ ပညာသင်နှစ်တွင် Grade-4, Grade-7 နှင့် Grade-10 တို့၏ သင်ရိုးများကို လည်းကောင်း၊ ၂၀၂၁-၂၂ ပညာသင်နှစ်တွင် Gr ade-5, Grade-8 နှင့် Grade-11 တို့၏ သင်ရိုးများကိုလည်းကောင်း ၂၀ ၂၂-၂၃ ပညာသင်နှစ်တွင် ကျန်ရှိသည့် အတန်းများ၏ သင်ရိုးအားလုံးကို လည်းကောင်း သင်ရိုးသစ်ပြောင်းလဲမည်ဖြစ်သည်။

ထိုသို့ ပြောင်းလဲသင်ကြားခဲ့သည့် သင်ရိုးများအားလုံးအတွက် ယခုပညာသင်နှစ်က စတင်ပြီး နိုင်ငံတကာနည်းတူဖြစ်ရန် ကျောင်းများ အားလုံးကို စာသင်ချိန်တစ်ချိန် ထပ်မံတိုးမြှင့်ခဲ့ခြင်းဖြစ်ကာလာမည့်ပညာသင်နှစ်များ တွင် ယခုစာသင်ချိန်အတိုင်း သင်ကြားရမည်ဖြစ်သည်။

"ကျောင်းစာသင်ချိန်တိုးဖို့အတွက် အခုအချိန်ဇယားတွေ ပြင်ဆင်ရေး ဆွဲနေတယ်။ အစပိုင်းမှာတော့ဆရာ၊ ကျောင်းသားနှစ်ဦးစလုံးပင်ပန်းမှာပဲ။ နောက်ပိုင်း အသားကျလာတဲ့အခါ အဆင်ပြေသွားမှာပါ။ အချိန်တိုးသင်တော့ ဆရာ၊ ဆရာမတွေ ပိုပင်ပန်းတယ်" ဟု ဗိုလ်တထောင်မြို့ နယ်၊ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမတစ်ဦးက ပြောသည်။

ကျောင်းစာသင်ချိန် တိုးလာခြင်းကြောင့် ယခင်ထက် ပိုမိုအလုပ်များလာမည်ဖြစ်ကြောင်း၊ တိုးမြှင့်လိုက်သည့်စာသင်ချိန် တစ်ချိန်အတွက် ကျောင်းစာအပြင် တခြားလိုအပ်သည့် ကဏ္ဍများပါ သင်ကြားရမည်ဖြစ်သဖြင့် ပိုမိုပင်ပန်းမည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် အလယ်တန်းပြကျောင်းဆရာမတစ်ဦးက ပြောသည်။

"ကျောင်းစာမဟုတ်တဲ့အတွက် ကလေးတွေ ပျော်မှာပါ" ၎င်းဆရာမက ပြောသည်။

စနစ်တစ်ခုပြောင်းလဲရာတွင် ဘက်ပေါင်းစုံက စဉ်းစားတွေးခေါ်ပြီး ပြောင်းလဲမှသာ အားလုံးအတွက် အဆင်ပြေမည်ဖြစ်သလို တိုးမြှင့်လိုက်သည့် စာသင်ချိန်အတွင်း ကျောင်းသူကျောင်းသားများ ပိုမိုနားလည်တတ်မြောက်အောင် သင်ကြားပေးနိုင်မည်ဆိုပါက အကောင်းဆုံးဖြစ်ကြောင်း ဗဟန်းမြို့နယ် အမှတ် (၁) အခြေခံပညာမူလတန်းကျောင်း၌ ဒုတိယတန်း တက်ရောက်နေသည့်ကျောင်းသား တစ်ဦး၏ဖခင် ဦးကိုလတ်က ပြောသည်။

"တိုးထားတဲ့ ကျောင်းစာသင်ချိန်အတွင်းမှာ ကလေးတွေပြည့်ပြည့်ဝ၀နားလည်တတ်မြောက်အောင် သင်ကြားပေးမယ်၊ အပြင်ကျူရှင်တွေ ယူစရာမလိုဘူးဆိုရင် ကောင်းတာပေါ့။ ကျောင်းချိန်ပိုပြီး ဆရာနဲ့ ကလေးအတွက် ဘာမှမထူးဘူးဆိုရင် ပင်ပန်းတာပဲ အဖတ်တင်မယ်" ဟု ၎င်းက ပြောသည်။

တချို့ အခြေခံပညာ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းများသည် နှစ်ချိန်ကျောင်း ဖြစ်ခြင်းကြောင့်စာသင်ချိန် တိုးမြှင့်ခြင်းသည် ထိုကျောင်းများအတွက် အဆင်ပြေမည် မဟုတ် ကြောင်း ဆရာဆရာမများသာမက ကျောင်းသူကျောင်းသားများပါ ပင်ပန်းမည်ဟုထင်ကြောင်း ဗိုလ်တထောင် မြို့နယ် အမှတ်(၄) အခြေခံပညာ အလယ် တန်းကျောင်းသူတစ်ဦး၏မိခင်မအေးလှိုင်မော်က ပြောသည်။

"တစ်ချိန်ကျောင်းတွေက အဆင်ပြေနိုင်ပေမဲ့ နှစ်ချိန်ကျောင်းတွေဆိုရင်ကလေးတွေ၊ ဆရာမတွေ အတော်ပင်ပန်းမယ်၊ ဆရာမတွေက အရင်စောပြီးရောက်ရတာ၊ မနက်ပိုင်း ကလေးတွေလည်း အဆင်မပြေသလို ညနေပိုင်းတက်ရတဲ့ ကလေးတွေလည်း အဆင်မပြေနိုင်ဘူး" ဟု မအေးလှိုင်မော်က ပြောသည်။

စာသင်ချိန် တိုးမြှင့်ခြင်းကြောင့် ကျောင်းသား ကျောင်းသူများသည် ကျောင်းစာအုပ် အများကြီးသယ်ရသည့် ဒုက္ခဖြစ်လာမည်ကို စိုးရိမ်ကြောင်း ပုဇွန်တောင်မြို့နယ် အမှတ် ( ၄) အခြေခံပညာမူလတန်းကျောင်းသားတစ်ဦး၏မိခင် ဒေါ်မာလာအောင်က ပြောသည်။

"တိုးဆိုတော့လည်း တိုးရတာပေါ့။ ဘာပြောလို့ရမလဲ။ ကလေးတွေ ပင်ပန်းသလို ဆရာမတွေလည်း ပင်ပန်းမှာပဲ" ဟု ၎င်းက ပြောသည်။

No comments:

Post a Comment