Thursday, June 20, 2019

တရုတ်နိုင်ငံသို့ မြန်မာ့ဆန်တင်ပို့ရန် ပြည်တွင်းကုမ္ပဏီ ၄၂ ခု၏ ဆန်စက်ပေါင်း ၁၀၃ စက်အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး အပြီးသတ်ရွေးချယ်မှုကို ဇူလိုင်လအတွင်း အပြီးဆောင်ရွက်မည်

တရုတ်နိုင်ငံသို့ မြန်မာ့ဆန်တင်ပို့ရန် ပြည်တွင်းကုမ္ပဏီ၄၂ ခု၏ဆန်စက်ပေါင်း ၁၀၃ စက်အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး အပြီးသတ်ရွေးချယ်မှုကို ဇူလိုင်လအတွင်း အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း ဇွန် ၁၉ ရက်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ချုပ်ဆိုထားသည့် မြန်မာနိုင်ငံမှဆန်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့တင်ပို့ရန် စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ် (SPS Protocol)တွင်ပါဝင်သည့် စာပိုဒ် (၃)အရ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မည့် ကုမ္ပဏီများ၊ ဆန်စက်များအား တရုတ်နိုင်ငံ General Administration of Customs China- GACC ၏ လိုအပ်ချက်များနှင့်အညီ စိစစ်ဆောင်ရွက်နိုင်ရန်
လုပ်ငန်းစဉ်များကို မေ ၇ ရက်တွင်ပြုလုပ်သည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ စိုက်ပျိုးရေးဦးစီးဌာန (သီးနှံကာကွယ်ရေးဌာနချုပ်) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (စားသုံးသူရေးရာဦးစီးဌာန)၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS)နှင့် ကုမ္ပဏီများပါဝင်သည့် ညှိနှိုင်းအစည်းအဝေးတွင်လည်းကောင်း၊ မေ ၂၇ ရက်တွင်ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များနှင့် ကုမ္ပဏီများ၏ အစည်းအဝေး၌လည်းကောင်း ကုမ္ပဏီများကို ဖိတ်ခေါ်လျက် ရှင်းလင်းတင်ပြခဲ့ကြောင်း ပါရှိသည်။

တရုတ်နိုင်ငံသို့ မြန်မာ့ဆန်တင်ပို့နိုင်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကို ဥ က္ကဋ္ဌအဖြစ်(အမြဲတမ်း အတွင်းဝန်-စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)၊ ဒုတိယဥက္ကဋ္ဌအဖြစ်(အမြဲတမ်းအတွင်းဝန်-စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)၊ အတွင်းရေးမှူးအဖြစ် (ညွှန်ကြားရေးမှူး-စားသုံးသူ ရေးရာဦးစီးဌာန)တို့နှင့် စုစုပေါင်းအဖွဲ့ဝင် ၁၃ ဦးတို့ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကိုယ်စားလုပ်ငန်းဆောင်ရွက်ရန် MITS ၏ စစ်ဆေးမှုများကို အထောက်အကူပြုနိုင်မည့် Technical Working Group ကို စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဦးဆောင်ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ MITS မှ တာဝန်ရှိပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MITS အဖွဲ့အနေဖြင့် လျှောက်ထားသည့် ကုမ္ပဏီ ၄၂ ခု၏ ဆန်စက်စုစုပေါင်း ၁၀၃ စက်အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ယခုအခါ ကွင်းဆင်းစစ်ဆေးလုပ်ငန်းများ ပြီးစီး၍ ရွေးချယ်ရေးကိစ္စများကို ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသေးကြောင်း၊ ကြီးကြပ်ရေးအဖွဲ့က အပြီးသတ်ရွေးချယ်ခြင်းကို အမြန်ဆုံးညှိနှိုင်းဆောင်ရွက်၍ ယခုနှစ် ဇူလိုင်လဆန်းအတွင်း တရုတ်နိုင်ငံဘက်သို့ အကြောင်းကြားပေးပို့ခြင်းကို ကြီးကြပ်ရေးအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်များနှင့်အညီ စိုက်ပျိုးရေးဦးစီးဌာနက ဆက်လက်ပေးပို့သွားမည်ဖြစ်သည်။

No comments:

Post a Comment