Tuesday, July 9, 2019

ကာတာတွင် ကျင်းပနေသည့် အာဖဂန် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြီးဆုံး

ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ အာဖဂန်နစ္စတန် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြီးဆုံးသွားပေမယ့် ပြည်တွင်းမှာတော့ စစ်မီး ဆက်လက်တောက်လောင်နေပါတယ်။ အာဖဂန် လူ့အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်တွေဟာ ကာတာနိုင်ငံ ဒိုဟာမြို့မှာ တာလီဘန်အရာရှိတွေနဲ့ ဇူလိုင် ၈ ရက်က အာဖဂန် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒုတိယနေ့အဖြစ် တွေ့ဆုံကြပါတယ်။



ဒါပေမယ့် ပြည်တွင်းမှာတော့ တာလီဘန်တွေက နိုင်ငံအလယ်ပိုင်းက ထောက်လှမ်းရေးရုံး အပြင်ဘက်မှာ ဇူလိုင် ၇ ရက်က ကားဗုံးခွဲလို့ လူ ၁၄ ယောက်သေပြီး အယောက် ၁၈၀ ဒဏ်ရာရပါတယ်။

ကမ္ဘာ့အရှည်ကြာဆုံး အမေရိကန်စစ်ပွဲလည်းဖြစ်တဲ့ အာဖဂန်စစ်ပွဲ အဆုံးသတ်ရေး အမေရိကန်နဲ့ တာလီဘန်တွေကြား သဘောတူညီချက်ရဖို့ စစ်သွေးကြွတွေနဲ့ အာဖဂန် ပြည်သူ့အဖွဲ့အစည်းတွေကြား ၂ ရက်ကြာ ဆွေးနွေးနေချိန်မှာ အခုလို တိုက်ခိုက်ခံရတာပါ။

“အာဖဂန်ပြည်သူတွေအပေါ် စစ်ဆင်နွှဲနေတဲ့ ဒီလူတွေနဲ့ မျက်နှာချင်းဆိုင် ထိုင်ရတာ အင်မတန်ခက်ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးအတွက် ကတိကို စမ်းသပ်တာလည်းဖြစ်တယ်” လို့ ဆွေးနွေးပွဲလာတက်တဲ့ အကြီးတန်း အာဖဂန်အရာရှိတယောက်က ပြောပါတယ်။

အာဖဂန်ကနေ အမေရိကန်နဲ့ နိုင်ငံခြားတပ်တွေ ပြန်ဆုတ်ခွာဖို့ တာလီဘန်တွေက တောင်းဆိုပြီး တာလီဘန်တွေက အကြမ်းဖက်ဝါဒအတွက် အခြေစိုက်စခန်းအဖြစ် အာဖဂန်နစ္စတန်နိုင်ငံကို မသုံးဖို့ အမေရိကန်က တောင်းဆိုထားပါတယ်။

ဒီအချက်တွေအတွက် သဘောတူညီချက်ရဖို့ တာလီဘန်တွေနဲ့ အမေရိကန် အရာရှိတွေ ကြိုးစားနေပါတယ်။

အမေရိကန်နဲ့ တာလီဘန်တွေကြားက ကွာဟချက်က အခု ကျဉ်းလာပါပြီ။ ထင်ရှားတဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဒီလထဲမှာ နှစ်ဖက်လုံး သဘောတူညီချက်ရဖို့ မျှော်လင့်တယ်လို့ ကာတာ ဖျန်ဖြေရေးခေါင်းဆောင် မတ်လက် ဘင် မာဂျစ် အယ်လ် ကာတာနီက ပြောပါတယ်။

မနှစ်ကစပြီး ခုထိ ၇ ကြိမ်မြောက် အမေရိကန်-တာလီဘန် အစည်းအဝေးတွေကို အင်္ဂါနေ့မှာ ဆက်လက်ကျင်းပပါတယ်။

အာဖဂန်အစိုးရ အကြီးတန်းအရာရှိတယောက်ကတော့ “အာဖဂန်နိုင်ငံသားအဖြစ် ဒီပွဲကို လာခဲ့တယ်၊ တခြား ဘာမှမပြောခင် တာလီဘန်တွေက သူတို့ကိုယ်သူတို့ အာဖဂန်နိုင်ငံသားတွေအဖြစ် ရှုမြင်ရဲ့လား ဆိုတာတော့ ကျနော် မသေချာဘူး” လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အာဖဂန်သမ္မတ ရွေးကောက်ပွဲမတိုင်ခင် စက်တင်ဘာမှာ သဘောတူညီချက်ရဖို့ အမေရိကန်က လိုလားနေပါတယ်။

တာလီဘန်တွေကတော့ အမေရိကန်က ကျောထောက်နောက်ခံ ပေးထားတဲ့ အာဖဂန် အစိုးရကို အမေရိကန်ရုပ်သေးလို့ ပြောဆိုရှုတ်ချပြီး အာဖဂန်အစိုးရနဲ့ ညှိနှိုင်းဖို့ ငြင်းဆိုထားပါတယ်။

No comments:

Post a Comment