Tuesday, July 9, 2019

အာဖရိကတိုက် လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် စီမံကိန်း စတင်မိတ်ဆက်

အာဖရိက ခေါင်းဆောင်တွေက အာဖရိကတိုက် လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် စီမံကိန်းကို ဇူလိုင် ၇ ရက်နေ့မှာ စတင်မိတ်ဆက်လိုက်ပါတယ်။ အဲဒီကုန်သွယ်ရေးစီမံကိန်း အောင်မြင်ခဲ့မယ်ဆိုရင် အာဖရိကတိုက်မှာရှိတဲ့ လူပေါင်း ၁ ဒသမ ၃ ဘီလျံ စည်းလုံးညီညွတ်မယ့်အပြင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ထရီလီယံ တန်ဖိုးရှိတဲ့ စီးပွားရေးရပ်ဝန်းတခု ဖော်ဆောင်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှု ခေတ်သစ်တခုကိုလည်း ဖိတ်ခေါ်နိုင်လိမ့်မယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။



တနင်္ဂနွေနေ့က နိုင်ဂျာနိုင်ငံမှာ ကျင်းပတဲ့ ထိပ်သီးတွေ့ဆုံပွဲမှာ အာဖရိကသမဂ္ဂ ခေါင်းဆောင်တွေက African Continental Free Trade Area (AfCFTA) အာဖရိကတိုက် လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်အကြောင်းကို ပြောခဲ့ကြတာပါ။

AfCFTA လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်ဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ စတင်တည်ထောင်တဲ့ ၁၉၉၄ ခုနှစ် နောက်ပိုင်းမှာ အကြီးဆုံးကုန်သွယ်ရေးအဖွဲ့ ဖြစ်လာဖို့ မျှော်လင့်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

၂၀၁၇ ခုနှစ်မှာ အာဖရိကတိုက်ရဲ့ ကုန်သွယ်ရေးပမာဏဟာ ဒေသတွင်း ပို့ကုန်တန်ဖိုး ၁၇ ရာခိုင်နှုန်း၊ အာရှပို့ကုန်တန်ဖိုး ၅၉ ရာခိုင်နှုန်းနဲ့ ဥရောပပို့ကုန်တန်ဖိုး ၆၉ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

အာဖရိကတိုက်မှာ လက်ရှိရင်ဆိုင်နေရဆဲ ကြီးကြီးမားမား စိန်ခေါ်မှုတွေဟာ ကားလမ်း၊ မီးရထားလမ်း ဆက်သွယ်ရေး အားနည်းတာ၊ ဒေသတော်တော်များများမှာ ပဋိပက္ခတွေကြောင့် မတည်ငြိမ်တာနဲ့ နယ်စပ်စည်းမျဉ်း တင်းကျပ်တာအပြင် အကျင့်ပျက်ခြစားမှုတွေ မြင့်တက်နေတာပါ။

အဲဒီပြဿနာတွေဟာ ဒေသတိုးတက်ရေးနဲ့ စည်းလုံးရေးကို နောက်ပြန်ဆွဲနေတယ်လို့ စီပွားရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

No comments:

Post a Comment