Tuesday, July 9, 2019

H1N1 ပိုးတွေ့ရှိသူ ၂၀ ကျော်တိုးလာ

 နှစ်ရက်အတွင်း ရာသီတုပ်ကွေး (H1N1) ရောဂါပိုးတွေ့သူဦးရေ ၂၀ ကျော် တိုးလာ ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ ဗဟိုကူးစက်ရောဂါတိုက် ဖျက်ရေးဌာနခွဲ စာရင်းများ၌ ဖော်ပြထားသည်။    ယင်းစာရင်းများအရ ဇူလိုင်၅ ရက်က တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် ရာသီတုပ်ကွေးရောဂါပိုးတွေ့သူဦးရေ ၁၅၀ သာရှိရာမှ ဇူလိုင် ၇ ရက်က ပိုးတွေ့ရှိသူ ၁၇၂ ဦးအထိရှိလာသဖြင့် နှစ်ရက် အတွင်း ၂၂ ဦး တိုးလာခဲ့သည်။ 



ရန်ကုန်တိုင်းမှ ၁၆ ဦး၊ နေပြည်တော်မှ နှစ်ဦး၊ ကချင်ပြည်နယ်မှ နှစ်ဦးနှင့် ဧရာဝတီတိုင်းမှ နှစ်ဦးတွင် ပိုးတွေ့ရှိရခြင်းဖြစ်သည်။ သို့သော် သေဆုံးသူဦးရေ တိုးလာခြင်းမရှိဘဲ ဇူလိုင် ၇ ရက်အထိ သေဆုံးသူ ၃၀ ဦးရှိသည်။         

လက်ရှိတွင် ရှမ်းပြည်နယ် (အရှေ့)၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှလွဲ၍ ကျန်တိုင်းနှင့် ပြည်နယ်တို့၌ ရာသီတုပ်ကွေး (H1N1)ရောဂါဖြစ်ပွားမှုရှိပြီး ဖြစ်ပွားမှုနှင့် သေဆုံးမှုအများဆုံး  သည် ရန်ကုန်တိုင်းဖြစ်သည်။

ရန်ကုန်တိုင်းတွင် ဇူလိုင် ၇ ရက်အထိ ပိုးတွေ့ရှိသူ ၁၀၄ ဦးရှိ၍ သေဆုံးသူ ၂၄ ဦးရှိခဲ့သည်။  ရန်ကုန်တိုင်းအတွင်း တာမွေ၊ လမ်းမတော်၊ ကမာရွတ်၊ ဒဂုံ၊ ကျောက်တံတား၊ ဒေါပုံ၊ ထန်းတပင်၊ တိုက်ကြီး၊ တွံတေးနှင့် သန်လျင်မြို့နယ်တို့မှလွဲ၍ ၂၈ မြို့နယ်တွင် ပိုးတွေ့ရှိရပြီး ပိုးတွေ့ရှိရမှု အများဆုံးမြို့နယ်မှာ လှိုင်သာယာ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာပ၊ အရှေ့ဒဂုံနှင့် သင်္ဃန်းကျွန်းမြို့နယ်တို့ဖြစ်သည်။   

ရာသီတုပ်ကွေးရောဂါသည်  ကူးစက်ခံရချိန်က စတင်၍ တစ်ရက်မှ လေးရက်အတွင်း ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်လာနိုင်ပြီး လက္ခဏာများမှာ အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နှင့်အထက် ဖျားခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခွေခြင်းတို့ဖြစ်သည်။


ထို့ထက် ပြင်းထန်လာပါက အဖျားကြီးလွန်းခြင်း၊ ချောင်းအလွန်ဆိုးခြင်း၊ မောခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ အသက်ရှူကျပ် ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသက်ရှူနှုန်းမြန်ဆန်ခြင်း၊ ဂနာ မငြိမ်ဖြစ်ခြင်း၊ သတိလစ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး ယင်းသို့ဖြစ်ပေါ်ပါ  က နီးစပ်ရာဆေးရုံ၊ ဆေးခန်းများ သို့ သွားရောက်ကုသမှုခံယူရန် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက နှိုးဆော်ထားသည်။

No comments:

Post a Comment