Tuesday, July 9, 2019

အိုဘယ့်ပုဂံ...ဂုဏ်ယူမိပါတယ်

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့မှာ ကျင်းပတဲ့ (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံ အစည်းအဝေးကနေ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်လိုက်တဲ့ သတင်းဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးရဲ့နားထဲကို ချိုချိုဆိမ့်ဆိမ့်လေး စီးဝင်လာခဲ့ပါ တယ်။ ပုဂံဆိုတာ မြန်မာ့ယဉ်ကျေးမှု တစ်ခုလုံးရဲ့ ပြယုဂ်၊ နောက် မြန်မာ့ဗိသုကာရဲ့ အသက်ဝိညာဉ် ခိုအောင်းရာ နေရာလို့လည်း ဆိုနိုင်ပါတယ်။

အင်တာနက် အွန်လိုင်းစာမျက်နှာထက်မှာလည်း ပုဂံပုံရိပ်ကို ဂုဏ်ယူဝင့်ကြွားစွာ အပြိုင်အဆိုင် ထောမနာပြုကြပါတယ်။ ‘မြန်မာမှန်လျှင် ပုဂံရောက်ဖူးရမည်’လို့ ဆိုတဲ့အတိုင်း ပုဂံနဲ့မြန်မာ၊ မြန်မာနဲ့ပုဂံဟာ ခွဲလို့မရပါ ဘူး။ ပုဂံမြို့ဟောင်းရှိနေသရွေ့ မြန်မာ့ယဉ်ကျေးမှု ရှိနေသလို မြန်မာလူမျိုးတို့ရဲ့ ဂုဏ်ကလည်း တင့်တယ်နေမှာအမှန်ပင်။ ပုဂံမြို့ဟောင်းဟာ မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ရှိပါတယ်။ ပုဂံဆိုတဲ့ ဝေါဟာရကို များသောအားဖြင့် ပျူဂါမမှ ပုဂါမ်၊ ပုဂါမ်မှ ပုဂံ ဖြစ်လာခဲ့တာလို့ ဖော်ပြလေ့ရှိပါတယ်။ ရှေးပုဂံခေတ် ကျောက်စာတွေမှာတော့ ‘ပုကံ’ လို့ ပြောင်းလဲခေါ်ဝေါ်လာခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ နှလုံးသားကို ကမ္ဘာက အသိအမှတ်ပြု တယ်ဆိုတော့ ရင်ထဲမှာ ကြည်နူးပီတိ ဖြစ်မှုနဲ့အတူ ရှေးခေတ်ပုဂံပြည်ကို ပြန်ပြောင်းအောက်မေ့ သတိရလာမိပါတယ်။ ထိုပီတိနဲ့ ယှဉ်တွဲပြီး အမျိုးသားကဗျာဆရာကြီး ဆရာဇော်ဂျီရဲ့ ‘ရှေးခေတ်ပုဂံပြည်’ ကဗျာထဲက ရှေးခေတ်ပုဂံပြည်ရဲ့ သာယာပုံတွေက စိတ်အတွေးကို တရေးရေး လာရောက်ထင်ဟပ် ပါတော့တယ်။

ဆရာဇော်ဂျီက အစပထမပိုဒ်မှာ

‘မောင်တို့ကြားကုန်လော့

မယ်တို့ကြားကုန်လော့

ရှေးဖျား ပုဂံပြည်မှာဖြင့်

မြန်မာတွေမှာ ရတနာရွှေ၊ငွေ အပေါင်းငဲ့ပြင်

မင်းကောင်း နော်ရထာတဲ့

မော်စရာ ဟိုတစ်ခေတ်ကိုဖြင့်

ဉာဏ်သစ်မှာ တရွှင်ရွှင်နဲ့

ဘဝင်မှာ အမြင်မှန်းကာပါ့

တမ်းတ၍ ကြည်ညိုပါ’ ဆိုပြီး ပုဂံကိုမမေ့ဖို့၊ ပုဂံအကြောင်းကို သိထားဖို့ နားထောင်ကြစမ်းပါလို့ ဆိုထားပါတယ်။ ပုဂံခေတ်က ရှေးမြန်မာတွေဟာ လူမွဲတွေမဟုတ်။ ရတနာ စိန်ကျောက် ဇယ်တောက် ကစားနိုင်လောက် အောင် ကြွယ်ဝကြသည်ကိုလည်း မြင်နိုင်ပါတယ်။ အနော်ရထာလို တိုင်းပြည်ကို တိုးတက်အောင် ဆောင်ရွက်ခဲ့တဲ့ မင်းကောင်းမင်းမြတ်လည်း ပေါ်ထွန်းခဲ့ပါတယ် တဲ့။ ပုဂံခေတ် စေတီပုထိုး ဗိသုကာလက်ရာတွေဟာ အနော်ရထာမင်း လက်ထက်မှာစပြီး ဖွံ့ဖြိုးလာခဲ့တာပါ။ ပုဂံခေတ်မှာ မင်းဆက်ပေါင်း ၅၅ ဆက်ရှိတဲ့အနက် အနော်ရထာမင်းဟာ ၄၂ ဆက်မြောက်မင်း ဖြစ်ပါတယ်။ ထိုကာလဟာ ပုဂံရှိတိုင်းသူ ပြည်သားအားလုံးတို့ရဲ့ စည်းလုံးမှုအင်အား အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။ ဒီလိုခေတ်ကာလ ပုဂံရွှေပြည်ကြီး ကို စိတ်အတွေးမှာ မှန်းဆပြီး ကြည်ညိုသင့်တယ်လို့ ဆရာကြီးက ဆိုသွားပါတယ်။ တကယ်ကိုကြည်ညိုစရာ ပုဂံပဲ မဟုတ်ပါ လား။

ပုဂံခေတ်ဟာ စီးပွားရေးနဲ့ ဘာသာသာသနာစည်ပင် ဝပြောရုံမက ဇာနည်ဘွား သူရဲကောင်း တွေလည်း ပေါ်ထွက်ခဲ့ပါတယ်။

ဒါကို ဆရာဇော်ဂျီက

‘ဪ.....ပြေမြန်မာခေတ်ထူး

ရာဇဝင်မှာ စာတင်လို့ကျူးခဲ့ကြ

ငထွေရူး၊ ငလုံးလဖယ်

ညောင်ဦးနယ် ကိုရွှေဖီး

ရွှေထီးလောင်း မင်းကျန်စစ်

ထီမထင်အောင် ပြည်ခွင်ကို ချစ်ခဲ့ကြ’လို့ ဆိုထားပါတယ်။ စစ်သည်လေးသိန်းအားနဲ့ ညီမျှတယ်ဆိုတဲ့ ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလဖယ်၊ ညောင်ဦးဖီးတို့ရဲ့ စွမ်းရည်တွေဟာ ပြိုင်စံရှားလောက်တဲ့ အရည်အသွေးတွေပါ။ ပုဂံခေတ် ယောက်ျားသားတို့ရဲ့ စွမ်းရည်ဟာ နာမည်ကြီး သူရဲကောင်းတွေမှာပဲ ရှိခဲ့တာမဟုတ်။ သာမန်တပ်သား တစ်ယောက်ရဲ့ ရဲစွမ်းသတ္တိနဲ့ စွမ်းရည်ကလည်း မနိမ့် လှပေ။

‘‘လာစမ်းဟဲ့ မေ့သား

အမယ်မင်း ထွားလိုက်တာ

စစ်သားကြီးလုံးလုံး ဗိုလ်မှူးကြီး ရှုံးလောက်ရဲ့

ပခုံးနဲ့ လက်ပြင် ကြောခြင်ကသံ ချောင်း

နစ်နှစ်အတွင်းမှာ ချက်ခြင်းပဲ ပြောင်းရော့

ကောင်းလိုက်ပေ့ မေ့သား

ဤ ဇမ္ဗူ တလူရှားလောက်ရဲ့

မယ်ဘွားမှာလေ’’လို့ ပုဂံစစ်သည် တွေရဲ့ စွမ်းရည်သတ္တိနဲ့ ပုံပန်း သဏ္ဌာန်ကို ဆရာဇော်ဂျီက ညွှန်း ဆိုခဲ့ပါတယ်။

ပုဂံလို့ဆိုလိုက်တာနဲ့ စေတီပုထိုးများစွာကို ပြေးမြင်မိကြမှာပါ။ ထိုစေတီပုထိုးတွေဟာ ပုဂံရဲ့ အဓိကမြင်ကွင်း သရုပ်လို့တောင် ဆိုနိုင်ပါတယ်။ များပြားလှတဲ့စေတီ၊ ပုထိုးတွေနဲ့ ပုဂံဒေသခံတွေရဲ့ ရိုးသားဖြူစင်တဲ့ အပြုံးတွေက ပုဂံကိုလာရောက် လည်ပတ်ကြ တဲ့ ဘုရားဖူးတွေရဲ့ ရင်ထဲကို ကြည်နူးပီတိ အပြည့်ပေးခဲ့ကြပါတယ်။

ဆရာဇော်ဂျီက

‘စေတီနှင့် တန်ဆောင်း

ဆည်မြောင်းနဲ့ စပါးနှံ

ရွှေပေါက္ကံပြည်တကြောမှာ

ပေါချင်တိုင်း ပေါတဲ့ပြင်

ဝပြောတဲ့ သာသနာ

ခေါင်းလောင်းသံ ညံမစဲရယ်နဲ့’လို့ စပ်ဆိုထားခဲ့တယ်။

ပုဂံရှိ စေတီပုထိုးတွေရဲ့ အ ရေအတွက်ကို အလွယ်တကူ မှတ်သားနိုင်အောင် ရှေးခေတ်မြန်မာတွေက ‘လှည်းဝင်ရိုးသံ တညံညံ၊ ပုဂံဘုရားပေါင်း’လို့ မှတ်သားခဲ့ကြပါတယ်။ သံပေါက်စပ်ထုံး ဟာ ‘အစ လေးလုံး၊ အလယ်သုံး၊ အဆုံးငါး-ခုနစ်’ ဖြစ်တာမို့ အစလေးလုံးကိုသာ ကောက်ယူရသောကြောင့် ပုဂံဘုရားအရေအတွက်ဟာ ၄,၄၄၆ ဆူရှိခဲ့ကြောင်း ယူဆခဲ့ပါတယ်။ အင်းဝခေတ်၊ မိုးညှင်းမင်းလက်ထက်မှာ ပုဂံဘုရားအရေအတွက်ကို ‘‘၀င်းဝင်း ထိန်လျှံ ပုဂံဘုရားပေါင်း’’လို့မှတ်သားပြီး ၄,၄၇၄ ဆူ ရှိတယ်လို့ ဆိုခဲ့ကြပြန်ပါတယ်။ ရှေးဟောင်း သုတေသန ဦးစီးဌာနက ပုဂံရှိ စေတီပုထိုးတွေကို မှတ်ပုံတင်ရာ မှာတော့ ၂,၂၁၇ ဆူကိုသာ တွေ့ ရှိခဲ့လို့ ‘ကျောင်းကြီးအုတ်နီ’ဆိုပြီး အမှတ်အသား ပြုခဲ့ပါတယ်။

အခုဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုးဟာ ခေတ်ပေါ်လူမျိုးမဟုတ် ရှေးသမိုင်းဝင်တဲ့ လူမျိုးအဖြစ် ဂုဏ်ရှိန်တင့်ခဲ့ပါပြီ။ ကမ္ဘာရဲ့ ရှေးဦးအစမှာ မြန်မာကလည်း တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါ ပြီ။ ရှေးခေတ်ပုဂံသားတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ အလှူဒါနသရုပ် တို့ကြောင့် ကျွန်တော်တို့ အခုလို ဂုဏ်ယူဝင့်ကြွားခွင့် ရခဲ့တယ်လို့ ဆိုရပါမယ်။ ဒီတော့ ကျွန်တော်တို့ နှောင်းလူတွေအနေနဲ့ ပုဂံရဲ့ သရုပ်ကို မပျက်ယွင်းအောင် အထူးဂရု စိုက် ထိန်းသိမ်းကြဖို့လည်း လိုပါတယ်။ ‘မြန်မာမှန်ရင် ပုဂံကိုထိန်းသိမ်းကြ’ လို့တောင် ဆိုလိုက်ချင် ပါတယ်။

အခုလို ကမ္ဘာ့အမွေအနှစ် စာရင်းမှာ ပုဂံပါဝင်လာအောင် ကြိုးပမ်းခဲ့ကြတဲ့ ပုဂ္ဂိုလ်အပေါင်းကိုလည်း လေးစားဂုဏ်ပြုရမှာ ဖြစ်ပါတယ်။အဆိုပါ နိုင်ငံချစ်ပုဂ္ဂိုလ်များကြောင့်သာ အခုလို မှတ်တမ်း ဝင်ခဲ့ရခြင်းပါ။ အခုအကြိမ်က ဒုတိယအကြိမ် ဖြစ်ပါတယ်။ ၂၀၁၄ ဇွန်လ ၂၂ ရက်က ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပခဲ့တဲ့ (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံ အစည်းအဝေးမှာ ပျူမြို့ဟောင်းသုံးမြို့ဖြစ်တဲ့ ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်းများ အား မြန်မာနိုင်ငံရဲ့ ပထမဆုံး ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရရာ အခုပုဂံ ယဉ်ကျေးမှုအမွေ အနှစ်ဒေသဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်းပဲ ဖြစ်ပါတယ်။အခုလို မြန်မာ့သမိုင်းဝင်နေရာ တွေကို ကမ္ဘာ့အမွေအနှစ် စာရင်းမှာ ထည့်သွင်းမှတ်တမ်းတင် ခံ ရခြင်းက ဘာနဲ့မှလဲလို့မရတဲ့ ပီတိတွေပါပဲ။ ဒါကြောင့်မို့လို့ အခုဒုတိယမြောက် မှတ်တမ်းဝင်ခဲ့တဲ့ ပုဂံနယ်မြေအား ‘အိုဘယ့်ပုဂံ...ဂုဏ်ယူပါတယ်’လို့သာ ဝင့်ကြွားစွာ ဂုဏ်ယူလိုက်ချင် မိပါတော့ တယ်။

No comments:

Post a Comment