Tuesday, July 9, 2019

ဂျော်ဂျီယာနိုင်ငံသို့ ပျံသန်းမည့် ရုရှားလေကြောင်းခရီးစဉ်များ ဆိုင်းငံ့မည့်အမိန့် စတင်အသက်ဝင်

ရုရှားနဲ့ ဂျော်ဂျီယာ နှစ်နိုင်ငံကြား ပျံသန်းနေတဲ့ ရုရှား ခရီးသည်တင် လေကြောင်းခရီးစဉ်တွေကို ဆိုင်းငံ့မယ့် သမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ အမိန့်ဟာ ဇူလိုင် ၈ ရက်နေ့မှာ စတင်အသက်ဝင်လာပါတယ်။ ဇွန်လက ရုရှားအမတ်တယောက် ဂျော်ဂျီယာလွှတ်တော်ကို လာလည်ခဲ့အပြီး ဂျော်ဂျီယာမြို့တော် တီဘလီစီမှာ ရုရှားဆန့်ကျင်ရေး ဆန္ဒပြသူတွေကြောင့် မငြိမ်မသက် ဖြစ်ခဲ့တာပါ။ အဲဒီအတွက် ရုရှားနဲ့ ဂျော်ဂျီယာတို့ အပြန်အလှန် ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။



ထောင်ချီတဲ့ ဆန္ဒပြသူတွေဟာ ရုရှားကို ကျူးကျော်သိမ်းပိုက်သူလို့ ခေါ်ထားတဲ့ ခေါင်းစီးစာတန်းတွေ၊ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို သရော်ထားတဲ့ လက်ကိုင်ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားပြီး လွှတ်တော်အဆောက်အအုံရှေ့မှာ စုရုံး ဆန္ဒပြခဲ့ကြပါတယ်။

ဇွန်လ ၂၀ ရက် ညက ဆန္ဒပြပွဲတွေကြောင့် လူစုခွဲဖို့ ရဲတွေက မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ရာဘာကျည်ဆန်တွေ သုံးခဲ့တဲ့အတွက် လူရာချီ ဒဏ်ရာရခဲ့သလို လူရာချီ အဖမ်းခံရပါတယ်။

ဆန္ဒပြသူတွေကတော့ ဂျော်ဂျီယာ ပြည်ထဲရေးဝန်ကြီး ဂျော်ဂျီ ဂါခါရီယာ ရာထူးကနေ နုတ်ထွက်တဲ့အထိ ဆက်ပြီး တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။

ဒါ့ကြောင့် ရုရှားသမ္မတ ပူတင်က ဂျော်ဂျီယာနိုင်ငံကို ပျံသန်းမယ့် ရုရှားလေကြောင်းခရီးစဉ်ကို ရပ်ဆိုင်းဖို့ အမိန့်ထုတ်ပြန်ခဲ့တာပါ။ ဒါ့အပြင် ဂျော်ဂျီယာနိုင်ငံထဲမှာ ရှိပြီးသား ရုရှားနိုင်ငံသားတွေကို ပြန်ခေါ်ဖို့လည်း ပူတင်က အစိုးရကို အမိန့်ထုတ်ခဲ့ပါတယ်။

No comments:

Post a Comment