Tuesday, July 9, 2019

လိင်ကုန်ကူးမှု စွဲချက်များအတွက် အပြစ်မရှိဟု အမေရိကန် ကုဋေကြွယ်သူဌေးကြီး ထွက်ဆို

အမေရိကန် စီးပွားရေးလုပ်ငန်းကြီးတွေကို ငွေကြေးပံ့ပိုးနေတဲ့ ကုဋေကြွယ် သူဌေးကြီး ဂျက်ဖရီ အက်ပ်စတိုင်းဟာ သူ့အပေါ် စွဲဆိုထားတဲ့ လိင်ကုန်ကူးမှု စွဲချက်တွေမှာ အပြစ်မရှိဘူးလို့ ဇူလိုင် ၈ ရက်နေ့က ထွက်ဆိုလိုက်ပါတယ်။ သူဟာ နယူးယောက်နဲ့ ဖလော်ရီဒါ ပြည်နယ်တွေက သူ့အိမ်တွေမှာ အသက် ၁၄ နှစ်ထိငယ်တဲ့ မိန်းကလေးတွေ ဒါဇင်ပေါင်းများစွာကို ဖြားယောင်း ခေါ်ဆောင်ခဲ့ပြီး လိင်မှုဆိုင်ရာ လုပ်ရပ်တွေအတွက် ငွေပေးခဲ့တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲထားပါတယ်။



အသက် ၆၆ နှစ်အရွက် အက်ပ်စတိုင်းကို မန်ဟက်တန်ရပ်ကွက်က ပြည်ထောင်စု တရားရုံးမှာ စွဲချက်တင်ခဲ့တာပါ။

၂၀၀၂ ကနေ ၂၀၀၅ ခုနှစ်ကြား ကာလတွေမှာ ကိုယ်လုံးတီး နှိပ်နယ်ပေးဖို့နဲ့ တခြား လိင်ပိုင်းဆိုင်ရာ လုပ်ရပ်တွေနဲ့ ဖျော်ဖြေဖို့ မိန်းကလေးတွေကို စီစဉ်ပေးမှုနဲ့ တခြား မိန်းကလေးတွေကို စည်းရုံးသိမ်းသွင်းဖို့ တချို့မိန်းကလေးတွေကို ခိုင်းစေမှု အပါအဝင် စွဲချက်တွေကို စစ်မေးခဲ့ပါတယ်။

သူဟာ ကလေးတွေကို ရည်ရွယ်ချက်ရှိရှိ ရှာခဲ့ပြီး သူ့ဓားစာခံ အများအပြားဟာ အသက် ၁၈ နှစ်အောက်ပဲ ရှိသေးတယ်ဆိုတာ သူသိတယ်၊ ဘာလို့လဲဆိုတော့ ကလေးဓားစာခံတွေက သူတို့အသက်ကို သူ့ကို ပြောခဲ့ကြတယ်လို့ စွဲချက်က ဆိုပါတယ်။

အမေရိကန် ရာဇဝတ်မှုခုံရုံး တရားသူကြီး ဟင်နရီ ပစ်မဲန်း ရှေ့မှာ အက်ပ်စတိုင်းက အသနားခံစာ တင်ခဲ့တာပါ။

သူဟာ လိင်ကုန်ကူးမှုတခုနဲ့ လိင်ကုန်ကူးရာမှာ ပူးပေါင်းပါဝင်မှု တမှုနဲ့ စွဲချက်တင်ခံထားရပါတယ်။

ဒီအမှုဟာ အမေရိကန်မှာ နံပါတ်တစ်ပဲလို့ ပြည်ထောင်စု ထောက်လှမ်းရေးဗျူရို FBI လက်ထောက်ညွှန်မှူးက ပြောကြောင်း ကနေဒါအခြေစိုက် ဂလိုဘယ်နယူးစ် သတင်းဌာနက ပြောပါတယ်။

ပြစ်မှုထင်ရှားရင် သူဟာ ထောင်ဒဏ် ၄၅ နှစ်ထိ ပြစ်ဒဏ် ကျခံရနိုင်ပါတယ်။ ၂၀၀၇ တုန်းကလည်း သူဟာ အလားတူစွဲချက်ကို ရင်ဆိုင်ခဲ့ရဖူးပါတယ်။

ကုဋေကြွယ် သူဌေးကြီး အက်ပ်စတိုင်းရဲ့ အသိအကျွမ်း ကွန်ရက်ထဲမှာ အန်ဒရူးမင်းသား၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ၊ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ပါ ပါနေတာပါ။

နိုင်ငံတကာ ခေါင်းဆောင်တွေထိ အသိုင်းအဝိုင်း ကျယ်ပြန့်သူ အက်ပ်စတိုင်းကို တရားစီရင်နိုင်ဖို့ မျှော်လင့်တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

No comments:

Post a Comment