Tuesday, July 9, 2019

အဆင့်မြင့်နည်းပညာသုံး ပစ္စည်းများ ပြည်ပတင်ပို့မှု ထိန်းချုပ်ထားခြင်း ရုပ်သိမ်းရန် ဂျပန်ကို တောင်ကိုရီးယား တိုက်တွန်း

တောင်ကိုရီးယားနိုင်ငံကို ပို့ဖို့ စီစဉ်ထားတဲ့ အဆင့်မြင့်နည်းပညာသုံး ပစ္စည်းတွေကို ဂျပန်အစိုးရက ပြည်ပတင်ပို့မှု ထိန်းချုပ်ထားတာ ရုပ်သိမ်းဖို့ တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းက ဇူလိုင် ၈ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ ဒါဟာ ဂျပန်က ကန့်သတ်ကြောင်း ကြေညာအပြီး ပထမဆုံး လူသိရှင်ကြား မှတ်ချက်စကား ဖြစ်ပါတယ်။ တောင်ကိုရီးယား Memory Chips နဲ့ Smartphones တွေ တကမ္ဘာလုံးကို ဖြန့်ဖြူးမှုအတွက် အနှောင့်အယှက်ဖြစ်မယ့် ခြိမ်းခြောက်မှုအဖြစ် မီဒီယာတွေက သုံးသပ်ခဲ့သလို သမ္မတ မွန်းကလည်း ဆက်ဆံဖို့မလွယ်တဲ့ အိမ်နီးချင်းဆီက ရက်စက်တဲ့လုပ်ရပ်လို့ ပြောပါတယ်။



တောင်ကိုရီးယားရဲ့ နည်းပညာလုပ်ငန်းကြီး ဆမ်ဆောင်း အီလက်ထရောနစ်နဲ့ SK ဟိုင်းနစ်ခ်စ် အင်တာနေရှင်နယ်တို့ဟာ ကမ္ဘာ့ထိပ်တန်း Memory Chips ထုတ်လုပ်သူတွေ ဖြစ်ပြီး အမေရိကန်လုပ် Apple နဲ့ တရုတ်လုပ် ဟွာဝေး နည်းပညာတို့အတွက် အဓိက ပံ့ပိုးသူတွေလည်း ဖြစ်ပါတယ်။

ခုတော့ ဇူလိုင် ၄ ရက်မှာ စတင်သက်ရောက်တဲ့ ဂျပန်ရဲ့လုပ်ရပ်ကြောင့် နှောင့်နှေး ကြန့်ကြာမှုတွေကို ရင်ဆိုင်ရတော့မှာပါ။

ဒုတိယကမ္ဘာစစ်အတွင်း အဓမ္မလုပ်အားပေး ခိုင်းစေခံရတဲ့ တောင်ကိုရီးယား နိုင်ငံသားတွေကို ဂျပန် နစ်ပွန် သံမဏိလုပ်ငန်းက လျော်ကြေးပေးရမယ်လို့ တောင်ကိုရီးယား တရားရုံးချုပ်က ပြီးခဲ့တဲ့ အောက်တိုဘာမှာ အမိန့်ချ ဆုံးဖြတ်ခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားရာက ဂျပန်က တောင်ကိုရီးယားဆီပို့မယ့် အဆင့်မြင့် နည်းပညာသုံး ပစ္စည်းတွေ တင်ပို့တာကို ကန့်သတ်မှု တင်းကျပ်လိုက်တာပါ။ ဂျပန်ရဲ့ ကန့်သတ်ချက်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး WTO ဆီမှာ တိုင်ကြားဖို့ တောင်ကိုရီးယားက ပြင်ဆင်နေပါတယ်။

No comments:

Post a Comment