Tuesday, July 9, 2019

မိုးရွာ၊ရေကြီးမှုကြောင့် ကျောက်တံခါးမြို့နယ်တွင် စာသင်ကျောင်းများ ပိတ်ထားရ

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်အတွင်းမှာ ဇူလိုင်(၈) ရက် မနက်ပိုင်းက မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရပြီး၊ ရွာလမ်းဆက်သွယ်ထားတဲ့ တံတားအချို့ရေစီးနဲ့ မျောပါပျက်စီးတာတွေနဲ့ မြို့နယ်အတွင်းရှိ ဈေးအချို့ပါ ရေတွေဝင်ရောက်ခဲ့တာတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ဇူလိုင်(၈)ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်တံခါးမြို့နယ်အတွင်းရှိ အောင်မြင် ဖဒို ကျောက်တံခါး၊ ပဲနွယ်ကုန်းဒေသလေးခုအတွင်းရှိ စာသင်ကျောင်းတွေအတွင်း ရေတွေ ဝင်ရောက်ခဲ့တာကြောင့် စာသင်ကျောင်း(၁၀)ကျောင်းလောက် ယာယီပိတ်ထားခဲ့ရပါတယ်။ဒါ့အပြင် ပဲနွယ်ကုန်း ကျောက်တံခါး ဖဒိုဒေသသုံးခုအတွင်းရှိ လူကူးတံတားရေစီးနဲ့ မျောပါကာ တံတားထိန်းနံရံတွေ ပြိုကျခဲ့လို့ အရေးပေါ် ပြုပြင်ခဲ့ရပါတယ်။ ကျောက်တံခါး မြို့စည်ပင်သာယာရေးဈေးအတွင်းမှာ ရေတွေ အဆမတန်ဝင်ရောက်မှုကြောင့် ဈေးသူ၊ဈေးသားတွေ အခက်အခဲတွေ ဖြစ်ပေါ်နေရပြီး မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စုအချို့ရှိ ဆက်သွယ်ရေးလမ်းမတွေအပေါ် ရေကျော်စီးဆင်းနေတာကြောင့် လမ်းအချို့ ရေတိုက်စားပျက်စီးခဲ့ပါတယ်လို့ သိရပါတယ်။
အလားတူ ညောင်လေးပင်မြို့နယ်မှာလည် ဇူလိုင်(၈)ရက် မနက်ပိုင်းက လေပြင်းတိုက်ခတ်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ် (၇၀)ကျော် ပျက်စီးခဲ့လို့ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရကြောင်း သိရပါတယ်။

No comments:

Post a Comment