Tuesday, July 9, 2019

အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများ ချမှတ်ရန် အစ္စရေးဝန်ကြီးချုပ် တိုက်တွန်း

ဥရောပအနေနဲ့ အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်တာတွေ ချမှတ်ဖို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇူလိုင် ၈ ရက်နေ့မှာ တိုက်တွန်း ပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံက ၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို ကျော်လွန်ပြီး သူ့ရဲ့ နျူကလီးယား အစီအစဉ်ကို အရှိန်မြှင့်တင်ဖို့ ပြင်ဆင်ထားတယ်လို့ ကြေညာခဲ့ပြီးနောက် နေတန်ယာဟုက အခုလို ပြောလိုက်တာပါ။ အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်တာတွေ ပြုလုပ်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရပ်တည်ချက်နဲ့အတူ ဥရောပက ပူးပေါင်းဖို့လိုတယ်လို့ ဝါရှင်တန်မြို့မှာ ကျင်းပတဲ့ ထိပ်သီးညီလာခံတခုမှာ နေတန်ယာဟုက ပြောခဲ့ပါတယ်။



အီရန်အစိုးရကတော့ သူတို့အနေနဲ့ နျူကလီးယားလက်နက် တီထွင်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၅ အီရန် သဘောတူညီချက်ဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုဒဏ်တွေကနေ အကာအကွယ် မပေးနိုင်ဘူးဆိုရင်တော့ ရက်ပေါင်း ၆၀ တိုင်းမှာ အီရန်အနေနဲ့ သူတို့ရဲ့ ကတိကဝတ်တွေကို တဖြည်းဖြည်းချင်း လျှော့ချသွားမယ်လို့ အီရန် အကြီးတန်းအရာရှိတွေက ပြောပါတယ်။

၂၀၁၅ ခုနှစ်မှာ အီရန်က နျူကလီးယား အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်တာကြောင့် အပြန်အလှန်အားဖြင့် အနောက်နိုင်ငံတွေက အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဖြေလျော့ပေးဖို့ သဘောတူခဲ့ကြပါတယ်။

ဒါပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ အမေရိကန်က အဲဒီသဘောတူညီချက်နေ နုတ်ထွက်ပြီး အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြန်လည်ချမှတ်ခဲ့တာကြောင့် တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။

No comments:

Post a Comment