Tuesday, July 9, 2019

ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးအဖြစ် ဦးမင်းကိုခိုင်ကို ခန့်အပ်

ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ၀န်ကြီးအဖြစ် ကော့ကရိတ်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၂  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကိုခိုင်ကို ကရင်ပြည်နယ်လွှတ်တော်က ဒီကနေ့ အတည်ပြုခန့်အပ်လိုက်ပါတယ်။ ဇွန် ၂၄ ရက်က ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ နိုင်ငံတော်သမ္မတထံက ပေးပို့လာတဲ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ၀န်ကြီးဌာနတိုးချဲ့ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး အတည်ပြုခဲ့ပြီးဖြစ်သလို လိုအပ်နေတဲ့ ပြည်နယ်ဝန်ကြီးနေရာကို ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လွှတ်တော်ကို အမည်စာရင်း တင်ပြ ခဲ့တာပါ။



ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က“ပါတီမှာ ရင့်ကျက်ပြီးသားဖြစ်တယ်။ အသိအမြင်ဗဟုသုတလည်းရှိတယ်။ အဲဒါကြောင့်မို့ အန်တီက သူကိုသင့်တော်မယ်လို့ ထင်တယ်”လို့ ပြောပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ကတင်ပြလာတဲ့ ၀န်ကြီးအသစ်ကို ကန့်ကွက်လိုတဲ့ လွှတ်တော် ကိုယ်စားလှယ်မရှိတဲ့အတွက်  လွှတ်တော်က အတည်ပြုခန့်အပ်ခဲ့ပါတယ်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးမင်းကိုခိုင်က” တာဝန်စယူတဲ့နေကစပြီးတော့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမယ်။ မှတ်ပုံတင်ပြုလုပ်တဲ့နေရာမှာ ပွဲစားတွေ ပေါ်ပေါက်ရင် ဥပဒေအတိုင်း အရေးယူမယ်”လို့ ပြောပါတယ်။

ဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေမယ့် ဦးမင်းကိုခိုင်ဟာ ကော့ကရိတ်မြို့၊ မဲဆန္ဒနယ် အမှတ် ၂ ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သလိုလက်ရှိ ကရင်ပြည်နယ်လွှတ်တော်မှာ ဘဏ္ဍာငွေအရသုံးဆိုင်ရာ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌနဲ့ စည်ပင်သာယာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ တာဝန်တွေကို ယူထားသူဖြစ်ပါတယ်။

No comments:

Post a Comment