Tuesday, July 9, 2019

စင်ကာပူ ဟိုတယ်မှာ အရက်အမူးလွန်ပြီး ၀တ်လစ်စားလစ် ပြေးလွှားခဲ့တဲ့ ဗြိတိန်လေကြောင်းလိုင်း ၀န်ထမ်းသုံးဦးကို တာဝန်မှ ဆိုင်းငံ့ကာ နေရပ်ပြန်ပို့ 

စင်ကာပူနိုင်ငံရှိ ဟိုတယ်တစ်ခုမှာ ၀တ်လစ်စားလစ်နဲ့ လျှောက်ပြေးခဲ့ကြတဲ့ ဗြိတိန်လေကြောင်းလိုင်းမှ လေယဉ်ဝန်ထမ်းသုံးဦး ရာထူးတာဝန် ယာယီဆိုင်းငံ့ခံလိုက်ရပြီး အလုပ်ထုတ်ခံရဖွယ်ရှိနေကြောင်း သိရပါတယ်။ေ လယာဉ်ခရီးစဉ် တစ်ထောက်နားနေစဉ် ဟိုတယ်မှာ သောက်ပွဲဆင်ခဲ့ကြမှုအတွက် လေယာဉ်မောင် နှစ်ဦးနဲ့ လေယာဉ်မယ်တစ်ဦးတို့  နေရပ် ပြန်ပို့ခံခဲ့ရကြောင်း လန်ဒန်အခြေစိုက် The Sun သတင်းစာက ဇူလိုင် ၄ ရက်နေ့ မှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်။



လန်ဒန် ဟီးသရူးလေဆိပ်ကနေ စင်ကာပူထိ ၁၄ နာရီကြာ ပျံသန်းခဲ့ရတဲ့ လေယဉ်ခရီးစဉ်အပြီး အားလပ်ချိန်မှာ အပန်းဖြေဖို့အတွက် ၄င်းတို့ ဟာ ခွင့်ပြုချက်မရှိဘဲ လေယာဉ်ပေါ်က အရက်ပုလင်းကိုလည်း ယူသွား ခဲ့သေးကြောင်း လေကြောင်းလိုင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ ၄င်းတို့သုံးယောက်ဟာ အမူးလွန်ပြီး ဟိုတယ်က အခြားတည်းခိုသူတွေရဲ့အခန်းတံခါးတွေကို လိုက်ခေါက် ခဲ့ကြသလို စင်္ကြန်လမ်းပေါ်မှာ ၀တ်လစ်စားလစ်နဲ့ ပြေးလွှားခဲ့ကြတာပါ။

အများသူငါကို အနှောင့်အယှက်ဖြစ်စေခဲ့တဲ့ ၄င်းတို့ရဲ့ အပြုအမူတွေဟာ စက်ဆုပ်စရာကောင်းပြီး ယင်းကိစ္စနဲ့ ပတ်သက်လို့ လန်ဒန်မှာရှိတဲ့ ၄င်းတို့ရဲ့အကြီးအကဲတွေဆီကို အကြောင်းစုံ သတင်းပို့ ထားပြီးဖြစ်ကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ ၄င်းတို့ရဲ့ဝန်ထမ်းတွေကို ကမ္ဘာတစ်ဝန်းက ဘယ်နေရာ ဘယ်အချိန်ပဲဖြစ်ဖြစ် အဆင့်အတန်းရှိရှိပြုမူနေထိုင်ဖို့ လေ့ကျင့်သင်ကြားပေးထားတဲ့အတွက် ယခုကိစ္စနဲ့ ပတ်သက်လို့ ဘယ်လိုကြောင့်ဖြစ်ရတယ်ဆိုတာကို စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း စင်ကာပူနိုင်ငံရဲ့ The New Paper သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းချက်ကို ဗြိတိန်လေကြောင်းလိုင်းက ယခုလို ဖြေကြား ထားခဲ့ပါတယ်။

အဆိုပါ လေယာဉ်ဝန်ထမ်းတွေ ဘယ်ဟိုတယ်မှာ တည်းတယ်ဆိုတာ ထုတ်ဖော်ပြောကြားထားခြင်းမရှိပေမယ့် The Straits Times သတင်းဌာနရဲ့ သတင်းတွေအရ ၄င်းအဖြစ်အပျက်ဟာ Hotel Jen Tanglin မှာ ဖြစ်ပွား ခဲ့တာဖြစ်တယ်လို့ ယူဆရပါတယ်။

ဂျိဟန္နက်စဗက်မြို့၊ လပ်ဗီးဂတ်စ်၊ ဘန်ကောက်နဲ့ စင်ကာပူ အစရှိတဲ့ မြို့ကြီးတွေမှာ ဗြိတိန်လေကြောင်းလိုင်း ၀န်ထမ်းတွေရဲ့ အပြုအမူနဲ့ပတ်သက်ပြီး မကောင်းသတင်းတွေကျော်စော်နေကြောင်း ဗြိတိန် နဲ့ နိုင်ငံတကာသတင်း ဌာနများစွာက ဖော်ပြမှုတွေရှိခဲ့ပါတယ်။

No comments:

Post a Comment