Tuesday, July 9, 2019

ကမ္ဘာ့ဖလားအနိုင်ရ ကန်အမျိုးသမီးအသင်း ဌာနေမှာ လှိုက်လှဲစွာကြိုဆို

အမျိုးသမီး ကမ္ဘာ့ဖလား အောင်ပွဲခံ အမေရိကန် အမျိုးသမီး ဘောလုံးအသင်း အမိမြေကို ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။ ကမ္ဘာ့ဖလားကို လေးကြိမ်မြောက် ဗိုလ်စွဲခဲ့တဲ့ အမျိုးသမီး ဘောလုံး အသင်း နယူးဂျာစီ ပြည်နယ် Newark လေဆိပ်ကို တနင်္လာနေ့ ၄ နာခွဲမှာ ဆိုက်ရောက်ချိန်မှာတော့ ဂုဏ်ပြု ကြိုဆိုသူတွေက Congratulations Team USA လို့ အော်ဟစ်လို့ ကြိုဆိုခဲ့ကြပါတယ်။ အမေရိကန် အသင်းဟာ ဗိုလ်လုပွဲ ဖိုင်နယ်ပွဲမှာ နယ်သာလန် အမျိုးသမီး အသင်းကို ၂ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။



အမေရိကန် အမျိုးသမီး ဘောလုံး အသင်းဟာ ၁၉၉၁ ခုနှစ်၊ ၁၉၉၉ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေမှာလည်း အနိုင်ရ ဗိုလ်စွဲဖူးပြီး ဂျာမနီ အသင်းပြီးနောက် ကမ္ဘာ့ ဖလားကို နှစ်ကြိမ် ဆက်တိုက် ဗိုလ်စွဲတဲ့ ဒုတိယ အသင်း ဖြစ်လာပါတယ်။အလားတူပဲ အမေရိကန် အသင်းဟာ ၁၉၉၆ ၊ ၂၀၀၄၊ ၂၀၀၈ နဲ့ ၂၀၁၂ တွေတုန်း ကလည်း အိုလမ်ပစ် ရွှေတံဆိပ် ဆွတ်ခူးခဲ့ပါတယ်။

နယူးယောက် မြို့တော်ဝန် Bill de Blasio ကလည်း ဗုဒ္ဓဟူးနေ့မှာ အနိုင်ရ အမေရိကန် အမျိုးသမီး အသင်းကို နယူးယောက် မြို့တွင်း လှည့်လည် အောင်ပွဲခံ ဂုဏ်ပြုပွဲ ကျင်းပပေးဖို့ အစီအစဉ် ရှိပါတယ်။

သမ္မတ ထရမ့်က ၂၀၁၉ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံ အမေရိကန် အမျိုးသမီး အသင်းကို တွစ်တာ မှာ ဂုဏ်ပြု ချီးကျူးခဲ့ပြီး အမေရိကန်က သူတို့အတွက် သိပ်ဂုဏ်ယူပါတယ်လို့ ရေးခဲ့ပါတယ်။ အနိုင်ရ အသင်းကို အိမ်ဖြူတော်ကို ဖိတ်ကြားဖို့ မေးခွန်းကိုတော့ စဉ်းစားမှာ အသေအချာ ပါပဲလို့ ဖြေကြားခဲ့ပါတယ်။

အမေရိကန် အသင်းရဲ့ အကျော်အမော် ဘောလုံးသမား Rapinoe နဲ့ သမ္မတ ထရမ့်တို့ ဒီ ကိစ္စ အရင်က အချီအချ ပြောနေခဲ့ကြတာပါ။ Rapinoe က သူ့ကို ဖိတ်ကြားရင်တောင် အိမ်ဖြူတော် သွားမှာ မဟုတ်ဘူးလို့ စကား ခပ်ကြမ်းကြမ်းနဲ့ မှတ်ချက်ပေးခဲ့ဖူးပြီး သမ္မတ ထရမ့်က အနိုင်ရအောင် ကစားပါဦး၊ မနိုင်ရင်လည်း ဖိတ်မှာပါလို့ ပြောခဲ့ဖူးပါတယ်။

No comments:

Post a Comment