Saturday, May 11, 2019

AA က ရန်ကုန်-စစ်တွေကားလမ်း၌ လေးလကျော်အတွင်း (၁၆)ကြိမ် မိုင်းထောင်ခဲ့ဟု တပ်မတော်ထုတ်ပြန်

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)အနေဖြင့် ရန်ကုန်-စစ်တွေ ပြည်ထောင်စုလမ်းမ၌ မိုင်းထောင်ဖောက်ခွဲမှုများ ပြုလုပ်နေရာ ဇန်နဝါရီမှ မေလ ၁၀ ရက်အထိ (၁၆) ကြိမ် မိုင်းထောင်ခဲ့ကြောင်းနှင့် မိုင်း ၄၆ လုံးကို တပ်မတော်စစ် ကြောင်းများက ဖော်ထုတ်ဖောက် ခွဲဖျက်ဆီးနိုင်ခဲ့ကြောင်း ယမန်နေ့တွင် တပ်မတော်က သတင်း ထုတ်ပြန်သည်။ မေလ ၁၀ ရက်က လမ်း ကြောင်းလုံခြုံရေး ဆောင်ရွက်နေ သည့် တပ်မတော်စစ်ကြောင်းကို ကျောက်တော်မြို့အဝင်တွင် AA ကအဝေးထိန်း ရီမုဒ်မိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်စဉ် ထိုသို့ ထည့်သွင်းဖော်ပြသည်။



ကျောက်တော်အဝင်တွင် မိုင်းဖြင့် တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းရေးဆောင် ရွက်စဉ် မိုင်းဖောက်ခွဲတိုက်ခိုက် သော AA တပ်ဖွဲ့ဝင်တစ်ဦးကို ဆိုင်ကယ်တစ်စီး၊ လက်ပစ်ဗုံး တစ်လုံးနှင့် မိုင်းထောင်ရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် အတူ အသေဖမ်းဆီးရမိသည်ဟု တပ်မတော်က သတင်းထုတ်ပြန် သည်။

AA အနေဖြင့် မိုင်းထောင် ရာတွင် ကျေးရွာနှင့်နီးသည့် နေရာများ၌ အဓိကပြုလုပ်လေ့ရှိပြီး တပ်မတော်စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပစ်ခတ်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း တပ် မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

‘‘ကျေးရွာထဲမှာ ရောက်နေ တဲ့ AA၊ ကျေးရွာထဲမှာရောက်နေ တဲ့ AA အမာခံတွေက ကြိုတင် ထွက်ထောင်ထားတာရှိတယ်။ ဖြစ်လာရင်ပစ်တယ်။ ပြီးရင် ရွာ ထဲဝင်ပြေးမှာပေါ့။ အဲဒီပုံစံမျိုး လုပ်ထားတာ ရှိပါတယ်။ မိုင်း ထောင်တဲ့အခါမှာလည်း အများ အားဖြင့် အရပ်ဝတ်နဲ့ပဲ ဆောင် ရွက်လေ့ရှိတယ်။ ကျွန်တော်မှတ် မိသလောက်ဆိုရင် မိုင်းထောင်တဲ့ နေရာမှာ ဆိုင်ကယ်ပါမိတာ ဒီ တစ်ခါနဲ့ဆို သုံးကြိမ်လောက်ရှိပြီ’’ ဟု ၎င်းက ဆိုသည်။

မေလ ၄ ရက်က မြောက်ဦး မြို့နယ် တိမ်ညိုကျေးရွာအနီး တပ် မတော်ယာဉ်တန်းကို AA က မိုင်းဆွဲတိုက်ခိုက်သည့် ဖြစ်စဉ်၌ စစ် သည်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အ တည်ပြုသည်။ AA ပြောရေးဆိုခွင့်ရှိသူ ခိုင် သုခကမူ ရခိုင်ဒေသသို့ စစ်အင် အား ဖြည့်ရန်လာသည့် တပ် မတော် ယာဉ်တန်းများကိုသာ တားဆီးပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ အရပ်ဘက်ပစ်မှတ် များကို တိုက်ခိုက်ခြင်းမရှိကြောင်း ပြောကြားထားသည်။

No comments:

Post a Comment