Saturday, May 11, 2019

မန်ချက်စတာ မက်ထရိုပိုလစ်တန်တက္ကသိုလ်မှ ကိုယ်စားလှယ်များ အတွေ့အကြုံဖလှယ်ပွဲ ရန်ကုန်တွင် ပြုလုပ်

မန်ချက်စတာ အခြေစိုက် မန်ချက်စတာ မက်ထရိုပိုလစ်တန်တက္ကသိုလ်(Manchester Metropolitan University/MMU)မှ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ၏ ပညာရေးဖွံ့ဖြိုး တိုးတက်မှု အခြေအနေများအား ယခုရက်သတ္တပတ်အတွင်းက လာရောက်လေ့လာခဲ့ပြီးနောက် ယင်းတို့၏ အတွေ့ကြုံ ဖလှယ်ပွဲတစ်ရပ်ကို ယနေ့ ၄ နာရီခန့်က ရန်ကုန်မြို့ အလုံမြို့နယ်ရှိ AYA Bank ရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။



”ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတွေကို လေ့လာနေတာ နှစ်အတော်ကြာပါပြီ။ ဈေးကွက်ရဲ့ လိုအပ်ချက်တွေကို ပိုပြီး သိမြင်နားလည်စေဖို့နဲ့ ဈေးကွက်အခြေအနေကို ပိုမိုထိတွေ့မှုရှိလာစေဖို့အတွက် မြန်မာနိုင်ငံကို ကျွန်တော်တို့ရဲ့ အာရှဈေးကွက်လေ့လာရေး ရည်မှန်းချက် ခရီးစဉ်မှာ ထည့်ထားတာလဲဖြစ်ပါတယ်”ဟု MMU မှ အပြည်ပြည်ဆိုင်ရာ ဌာနမှူး မစ္စတာ ရစ်ကာနာဗန်ကပြောသည်။

MMU မှ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံသို့ လာရောက်လေ့လာစဉ်ရက်များအတွင်း စီးပွားရေးကျောင်းနှင့် ငွေကြေးနည်းပညာဆိုင်ရာတို့ကို အဓိကထားကာ အခြားပညာရေးနယ်ပယ်များအတွင်းရှိ လုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံခဲ့ကြသည်။ ပြည်တွင်းရှိ ဘဏ်များ၊ ငွေကြေးနည်းပညာကုမ္ဗဏီများ၊ ပုဂ္ဂလိကကျောင်းများနှင့် အခြားစီးပွားရေးနယ်ပယ်များမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ရာတွင် ဘဏ္ဍာရေးအဖွဲ့အစည်းများတွင် တွေ့ကြုံရသော သတင်းအချက်အလက်ချိတ်ဆက်မှု နည်းပညာ(Blockchain Technology) နှင့် ဒေတာနှင့်အန္တရာယ်စီမံခန့်ခွဲ့(Risk Management)ဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြသည်။ ထို့အပြင် အစပျိုး စီးပွားရေးအဆက်အသွယ်များထူထောင်ခြင်းနှင့် မြန်မာနိုင်ငံအခြေစိုက် ကုမ္ဗဏီများနှင့် အလားအလာရှိသော ပူးပေါင်းဆောင်ရွက်ရန်ရှိသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြသေးကြောင်းသိရသည်။

”မြန်မာနိုင်ငံမှာ အွန်လိုင်း စီးပွားရေးလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ တိုးတက်နေတာကို မြင်ရတာ ကျွန်တော် အရမ်းပဲစိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့ရဲ့ ဈေးကွက်လေ့လာရေးလုပ်ငန်းစဉ်ပြီးဆုံးသွားပြီး အာရှဈေးကွက်အတွက် နည်းဗျူဟာတွေချမှတ်ပြီးတဲ့အခါမှာတော့ မြန်မာနိုင်ငံဟာ ဆွေးနွေးမှုရဲ့ အရေးပါတဲ့ နေရာမှာ ရောက်နေတယ်ဆိုတာကို ကျွန်တော် သေချာပေါက်ပြောနိုင်ပါတယ်။ ကျွန်တော်တို့ MMU အနေနဲ့ မြန်မာဈေးကွက်အတွက် သင့်တော်တဲ့ အွန်လိုင်းသင်တန်းတွေ ကမ်းလှမ်းဖို့ ကောင်းမွန်တဲ့ အနေအထားရှိတယ်လို့ ကျွန်တော်ထင်ပါတယ်”ဟုလည်း MMU မှ အပြည်ပြည်ဆိုင်ရာ ဌာနမှူး မစ္စတာ ရစ်ကာနာဗန်ကပြောသည်။

Manchester Metropolitan University (MMU) မှာ ဥရောပ၏ အကြီးဆုံးကျောင်းများထဲမှ တစ်ခုဖြစ်ပြီး ကျောင်းသားပေါင်း ၃၈၀၀၀ ရှိသော ကျောင်းတစ်ကျောင်းဖြစ်သည်။ တစ်နှစ်လျှင် MMU ကျောင်း၏ ဘွဲ့ကြိုဘာသာရပ်များအတွက် လာရောက်လျှောက်ထားသော လျှောက်လွှာပေါင်း ၅၀၀၀၀ ခန့်ရှိပြီး နှစ်စဉ် အချိန်ပြည့် ဘွဲ့ကြိုကျောင်းသား ၇၀၀၀ အားလက်ခံလျက်ရှိသောကျောင်းတစ်ကျောင်းဖြစ်သည်။ MMU ၏ Business School မှာလည်း Chartered Institute of Personnel and Development (CIPD) နှင့် Institute of Enterprise and Entrepreneurs (IOEE) မှ ချီးမြင့်သော Center of Excellence Award ကို ရရှိထားကြောင်း သိရသည်။

No comments:

Post a Comment