Saturday, May 11, 2019

မြောင်းမြတွင် ဆိုင်ကယ်နှင့် ခရီးသည်တင်ယာဉ်တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူသေဆုံး

ဧရာဝတီတိုင်း၊ မြောင်းမြမြို့တွင် မေလ ၁၀ ရက်နေ့ နေ့လည်ပိုင်းက ခရီးသည်တင်ကားနှင့် ဆိုင်ကယ်တိုက်မိခဲ့ပြီး ဆိုင်ကယ်မောင်းသူ သေဆုံးခဲ့ကြောင်း သတင်းရသည်။ ရန်ပိုင်စိုးမောင်းနှင်သည့် လပွတ္တာ- ရန်ကုန်ပြေးဆွဲသော “မြတ်ကောင်းကင်" ခရီးသည်တင် မော်တော်ယာဉ်နှင့် ကျော်ဦး မောင်နှင်သည့် ဆိုင်ကယ်တို့မှာ မြဟေမာရပ်ကွက် မြောင်းမြ-အိမ်မဲကားလမ်း မိုင်တိုင် အမှတ် (၄၇/၁) နှင့် (၄၇/၂) ကြား ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။



“ဆိုင်ကယ်က အရှိန်နဲ့ လမ်းလယ်ကမောင်းတယ်၊ တိုက်မိတဲ့ ကားက ဒိန်းဒေါင်းကိုကျော်တက်လာတာ လမ်းလယ်ခေါင်မှာ ၀င်တိုက်မိတာ၊ ဆိုင်ကယ်မောင်းတဲ့သူတော့ နေရာမှာပဲ သေသွား တယ်"ဟု မျက်မြင်တွေ့ရှိသူ ဦးကျော်ဆွေမှ ဧရာဝတီတိုင်းမ် သို့ပြောသည်။

ယာဉ်တိုက်မှုဖြစ်စဉ် ဆိုင်ကယ်မောင်းနှင်သူ ကျော်ဦးမှာ နဖူးခွံ ဝဲဘက်ကွဲဒါဏ်ရာ မျက်ခုံးကွဲဒါဏ်ရာ နှာခေါင်းရိုးကျိုးအက်ကွဲ ဒါဏ်ရာ အပေါ်သွားတစ်ချောင်းကျိုးဒါဏ်ရာ အောက်နုတ်ခမ်းမှ မေးရိုး ထိကွဲဒါဏ်ရာ ဝမ်းဗိုက်ပေါက်ပြဲဒါဏ်ရာ ယာဒူခေါင်းရိုးကျိုး ပေါက်ပြဲဒါဏ်ရာ ဝဲပေါင်ပွန်းခြစ်ဒါဏ်ရာ များရရှိ့ကာ အခင်းဖြစ် နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ရန်ပိုင်စိုးကို မြောင်းမြမြို့မရဲစခန်းမှ ယာဉ်(ပ) ၃၄/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့်၍ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မြောင်းမြတွင် မကြာခဏယာဉ်တိုက်မှုများဖြစ်ပွားနေသည့်အတွက် စည်းကမ်းမဲ့မောင်းနှင်သော ယာဉ်များနှင့် အေဇောဖြုတ်မောင်းနှင် သည့်ယာဉ်များကို ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများပူးပေါင်း၍ ဖမ်းဆီးအရေးယူခြင်းများ ဆက်တိုက်ပြုလုပ် သင့်သည်ဟု မြောင်းမြမြို့နေထိုင်သူ ဦးကျင်ရွှေမှ အကြံပြုပြောဆိုသည်။

No comments:

Post a Comment