Saturday, May 11, 2019

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မတော်တဆမှုဖြစ်ပွားခဲ့သည့် Biman ဘင်္ဂ္လားဒေ့ရှ် လေကြောင်းလိုင်း လေယာဉ်ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စတင်စစ်ဆေနေပြီဖြစ်ပြီး လေဆိပ်လေယာဉ်ပြေးလမ်း ပျက်စီးမှုကိုလည်း လေကြောင်းလိုင်းမှပေးလျော်ရမည်ဟုဆို

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မတော်တဆမှုဖြစ်ပွားခဲ့သည့် Biman ဘင်္ဂ္လားဒေရှ့်လေကြောင်းလိုင်း လေယာဉ်ဖြစ်စဉ်အား စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စတင်စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။ ယင်းပြင် ရန်ကုန်လေဆိပ်လေယာဉ်ပြေးလမ်း ပျက်စီးမှုများအတွက် ရန်ကုန်လေဆိပ်၏ စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်နေသည့် YACL ထံသို့ ဘင်္ဂ္လားဒေရှ့်လေကြောင်း လိုင်းမှ ပေးလျော်သွားရန်ရှိကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
“ ဌာနအနေနဲ့ကတော့ ဝန်ကြီးဌာနက Aircraft Investigation board ဖွဲ့စည်းပြီး accident, incident စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ result ကတော့ အခုချက်ချင်း မထွက်သေးဘူး။ အခုအကြမ်းဖျဉ်းသုံး သပ်ချက်ကတော့ လေယာဉ်မှူးရဲ့ဆုံးဖြတ်ချက်လေးလည်း လိုအပ်မယ်လို့ သုံးသပ်ပါတယ်။ ဒါကတော့ တကယ်တမ်း စုံစမ်းစစ်ဆေးမှုတွေ ရလဒ်ထွက်လာတဲ့အခါမှ အတိအကျ ပြောလို့ရပါမယ်။ ကျွန်တော်တို့ အခု Investigation board  ရဲ့စစ်ဆေးမှုပြီးသွားတဲ့အခါမှာ ထွက်လာတဲ့ ရလဒ်ပေါ်မူတည်ပြီး သက်ဆိုင်ရာ ဘင်္ဂ္လားဒေရှ့်က လေကြောင်းအာဏာပိုင်အဖွဲ့နဲ့ ပူးပေါင်းပြီး ညှိနှိုင်းဆွေးနွေးဖို့ရှိတယ်။ သက်ဆိုင်ရာ လေကြောင်းလိုင်းနဲ့လည်း ရန်ကုန်လေဆိပ်ရဲ့ Airport Operator ဖြစ်တဲ့ YACL နဲ့ညှိနှိုင်းပြီး နှစ်ဦးနှစ်ဖက် ပျက်စီးမှုတွေရှိတာတွေကို တာဝန်ရှိတဲ့ဘက်က ပေးလျော်ရမယ့်အပိုင်းတွေလည်း ရှိပါတယ်” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြော ကြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မေ ၈ ရက် ညနေ ၆ နာရီ ၅၂ မိနစ်က Biman ဘင်္ဂ္လားဒေ့ရှ် လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ဆင်းသက်စဉ် မတော်တဆမှုဖြစ်ပွားခဲ့၍ လေယာဉ်တောင်ပံကျိုးကာ ကိုယ်ထည်တွန့်ခေါက် ပျက်စီးခဲ့ပြီး လေယာဉ်အမှုထမ်းများအပါအဝင် ၁၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ׅ“ရန်ကုန်လေဆိပ်ကို ဆင်းလာတဲ့ Biman ဘင်္ဂ္လားဒေ့ရှ်လေကြောင်းလိုင်းက လေယာဉ်တစ်စင်း ပြေးလမ်းနဲ့ဘီးထိရတဲ့နေရာမှာ မထိဘဲ နောက်ကျသွားပြီး ပေ ၆၀ဝ၀ လောက်ရောက်မှ ပြေးလမ်းနဲ့ ဘီး သွားထိတယ်။ နောက်ကျသွားလို့ ပြန်တက်ဖို့ ကြိုးစားတဲ့အခါမှာ မတက်နိုင်တော့ဘဲ ပြန်ကျပြီး ပြေးလမ်းအဆုံး ညာဘက်ထိပ်ကို ပြန်ကျတယ်။ လေယာဉ်တောင်ပံနှစ်ခုကျိုးပြီး ကိုယ်ထည်တွန့်ခေါက်ပျက်စီးသွားတယ်” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောကြားသည်။

ယင်းလေယာဉ်မှာ ဘင်္ဂ္လားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းလာခြင်းဖြစ်ကာ လေယာဉ်အမှုထမ်းခြောက်ဦး၊ ခရီးသည် ၂၈  ဦး (ရင်ခွင်ပိုက်တစ်ဦး) စုစုပေါင်း ၃၄ ဦး ပါဝင်ကြောင်းသိရသည်။ 

No comments:

Post a Comment