Saturday, May 11, 2019

မြန်မာနိုင်ငံတွင် သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောကို နိုင်ငံဧရိယာ၏ ရာခိုင်နှုန်း ၃၀ နှင့် သဘာဝထိန်းသိမ်းနယ်မြေကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ တိုးတက်ရန်စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံအနေဖြင့် သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောကို နိုင်ငံဧရိယာ၏ ရာခိုင်နှုန်း ၃၀ နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ တိုးတက်လာစေရေးစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မေ ၁၀ ရက်က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံး၌ ပြုလုပ်သည့် “မြန်မာနိုင်ငံ၏ နိုင်ငံတော်အဆင့် သစ်တော့ပြုန်းတီးမှု၊ သစ်တောအတန်းအစား ကျဆင်းမှု ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအစီအစဉ် Myanmar REDD + Program မှ သတင်းစာဆရာများနှင့် တွေ့ဆုံပွဲအခမ်းအနားမှ သိရသည်။ “သစ်တောကြိုးဝိုင်းတောနှင့် ကြိုးပြင်ကာကွယ်တောက နိုင်ငံဧရိယာ၏ ရာခိုင်နှုန်း ၃၀ နဲ့ သဘာဝထိန်းသိမ်းရေး နယ်မြေက နိုင်ငံ၏ ၁၀ ရာခိုင်နှုန်း တိုးတက်ရမယ်ဆိုပြီး စီမံချက်ချ ဆောင်ရွက်လျက်ရှိပါတယ်” ဟု သစ်တောသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းနိုင်ဦးက ပြောကြားသည်။



လက်ရှိမြန်မာနိုင်ငံ၌ သစ်တောနယ်မြေမှာ နိုင်ငံဧရိယာ၏ ၂၅ ရာခိုင်နှုန်းကျော်နှင့် သဘာဝထိန်းသိမ်းရေး နယ်မြေမှာ နိုင်ငံဧရိယာ၏ ခြောက်ရာခိုင်နှုန်းခန့်အထိ တရားဝင်ဖွဲ့စည်း သတ်မှတ်နိုင်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်ပြီး နိုင်ငံပိုင်သတင်းစာ၌ ရှင်းလင်းပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိအစိုးသက်တမ်း သုံးနှစ်တာကာလအတွင်း ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော ၅၃ ခု၊ ဧက ၁၀ သိန်းနီးပါး တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့သဖြင့် လက်ရှိအချိန်အထိ ဖွဲ့စည်းသတ်မှတ်ပြီး သစ်တောနယ်မြေ ဧက ၄၂ သန်းကျော်၊ နိုင်ငံဧရိယာ၏ ၂၅ ဒသမ ၃၁ ရာခိုင်နှုန်းအထိ တရားဝင်ဖွဲ့စည်းသတ်မှတ်နိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဆိုသည်။

ထို့အတူ သဘာဝထိန်းသိမ်းရေး နယ်မြေလေးခု၊ ဧက ၁၃၀ဝ၀ဝ ကျော်တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့သဖြင့် လက်ရှိအချိန်အထိ ဖွဲ့စည်းသတ်မှတ်ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေ စုစုပေါင်း ၄၃ ခု၊ ဧကပေါင်း ၉ ဒသမ ၇ သန်းကျော်ဖြင့် နိုင်ငံဧရိယာ၏ ၅ ဒသမ ၈၃ ရာ ခိုင်နှုန်းအထိ တရားဝင် ဖွဲ့စည်းသတ်မှတ်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် FAO ၏ ၂၀၁၅ ခုနှစ် တွက်ချက်မှုအရ နိုင်ငံ့ကုန်မြေ အကျယ်အဝန်း၏ ၄၂ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။

“လက်ရှိမှာက ၄၂ ဒသမ ၉၆ ရာခိုင်နှုန်း ရှိပါတယ်။ ဒါက ၂၀၁၅ ခုနှစ်က ထုတ်ပြန်ချက်ပါ ၂၀၂၀ ခုနှစ်မှာတော့ နောက်ထပ် ကိန်းဂဏန်းတစ်ခု ထွက်လာမှာပေါ့” ဟု သစ်တောသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းနိုင်ဦးက ပြောကြားသည်။ FAO က ကမ္ဘာ့နိုင်ငံအသီးသီး၏ သစ်တောဖုံးလွှမ်းမှုများကို ငါးနှစ်တစ်ကြိမ် ထုတ်ပြန်ပေးလျက်ရှိသည်။

No comments:

Post a Comment