Saturday, May 11, 2019

အစိုးရသက်တမ်း တတိယတစ်နှစ်တာအတွင်း ကုန်းတွင်းနှင့် ကမ်းလွန်ရှိ တွင်းပေါင်း ၈၆ တွင်းမှ စုစုပေါင်း ရေနံစိမ်းစည် သုံးသန်းကျော်နှင့် သဘာဝဓာတ်ငွေ့ကုဗပေသန်း ၆၂၃၀ဝ၀ ကျော် ထုတ်လုပ်နိုင်ခဲ့

အစိုးရသက်တမ်း တတိယတစ်နှစ်တာအတွင်း မြန်မာ့ရေနံနှင့် သဘာဝလုပ်ငန်းအနေဖြင့် ကုန်းတွင်းနှင့် ကမ်းလွန်ရှိ တွင်းပေါင်း ၈၆ ခုမှ စုစုပေါင်းရေနံစိမ်းစည် ၃ ဒသမ ၃၂ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၆၂၃၀ဝ၀ ကျော်အထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။မေ ၉ ရက် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားချက်များကို မေ ၁၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
တတိယတစ်နှစ်တာကာကလအတွင်း မြန်မာ့ရေနံနှင့် သဘာဝလုပ်ငန်းက ကုန်းတွင်းပိုင်းတွင် ရှာဖွေရေးနှင့် ဖွံ့ဖြိုးရေးတွင်း  ၂၃ တွင်းနှင့် ပူးပေါင်းကုမ္ပဏီများက ၁၇ တွင်း စုစုပေါင်း တွင်း ၄၀ တူးဖော်ခဲ့ပြီး ရေနံစိမ်းစည် ၂ ဒသမ ၃၁ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၁၉၀၁၉ သန်း ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ထို့ပြင် နိုင်ငံတကာကုမ္ပဏီများမှ ကမ်းလွန်အပိုင်းတွင် ၄၆ တွင်း တူးဖော်ခဲ့ပြီး ရေနံ (လေဆီ) စည် ၁ ဒသမ ဝ၂ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၆၀၄၈၁၈ သန်း ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။တတိယတစ်နှစ်တာအတွင်း ကုန်းတွင်းနှင့် ကမ်းလွန်ရေနံစိမ်းစည်စုစုပေါင်း ၃ ဒသမ ၂ သန်းနှင့် သဘာဝဓာတ်ငွေ့ကုဗပေ ၆၂၃၈၃၈ သန်းအထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။လစ်လပ်လျက်ရှိသော ကုန်းတွင်းပိုင်း လုပ်ကွက် ၁၈ ကွက်နှင့် ကမ်းလွန်လုပ်ကွက် ၁၅ ကွက်တို့အား ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုးမြှင့်ဆောင်ရွက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူမှုများကို မကြာမီဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ကမ်းလွန် ၁၅ ကွက်တွင် A-2၊ AD-4၊ AD-10၊ AD-12၊ AD-13၊ AD-14၊ AD- 15၊ AD- 16၊ M-1၊ M-10၊ M-16၊ MD- 1၊ MD- 3၊ MD-6၊ MD-8 တို့ဖြစ်ကြောင်း Rakhine Investment Opportunity Survey တွင် ဖော်ပြထားသည်။ကုန်းတွင်း ၁၈ ကွက်တွင် PSC-C2၊ PSC-J၊ PSC-L၊ PSC-M၊ PSC-S၊ PSC-T၊ PSC-U၊ PSC-V၊ RSF-2၊ RSF-3၊ RSF-4၊ RSF-7၊ RSF-10၊ IOR-3၊ IOR-4၊ MOGE-6၊ MOGE-7၊ MOGE-8 တို့ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ စုစုပေါင်းလုပ်ကွက် ၁၀၄ ကွက်ရှိပြီး ယင်းအနက် ကမ်းလွန်တွင် ၅၁ ကွက်နှင့် ကုန်းတွင်းတွင် ၅၃ ကွက်အထိရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၁ ရက်အထိ ငါးလကျော်အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုဝင်ငွေသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၃၈ ဘီလျံရရှိထားပြီး ယခင်နှစ်ကာလတူတွင်မူ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၂၅ ဘီလျံအထိ ရရှိထားသဖြင့် ယခုဘဏ္ဍဍာနှစ်ငါးလအတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ရရှိသောဝင်ငွေသည် ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၁၈၇ သန်းအထိ လျော့ကျနေခြင်းဖြစ်ကြောင်း သိရသည်။“သဘာဝဓာတ်ငွေ့တင်ပို့မှုက ဒီနှစ်မှာက ဒေါ်လာ ၁ ဒသမ ၃၃၈ ဘီလျံအထိ ရရှိထားတာပေါ့။ ယခင်ကာတူမှာတော့ ၁ ဒသမ ၅၂၅ ဘီလျံရထားတာဆိုတော့ ဒီနှစ်က ဒေါ်လာ ၁၈၇ သန်းလောက်လျော့နေတာပေါ့။ အဓိကတော့ သဘာဝဓာတ်ငွေ့ဈေးနှုန်းကျနေတာလည်းပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

No comments:

Post a Comment