Saturday, May 11, 2019

ထန်းတပင်စက်မှုဇုန်အပါအဝင် ပြည်တွင်းပြည်ပ ပုဂ္ဂလိကကုမ္ပဏီအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် စီမံကိန်း ၁၉ ခုအတွက် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် MOU ရေးထိုး

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်မည့် ထန်းတပင်စက်မှုဇုန်အပါအဝင် ပြည်တွင်းပြည်ပ ပုဂ္ဂလိကကုမ္ပဏီများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် စီမံကိန်း ၁၉ ခုအကောင်အထည်ဖော်နိုင်ရေးအတွက် ရန်ကုန်မြို့ရှိ Lotte Hotel ၌ မေ ၁၀ ရက်က ကျင်းပသည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်၌ နားလည်မှုစာချွန်လွှာ MOU လက်မှတ် ရေးထိုးခဲ့သည်။ အဆိုပါစီမံကိန်း ၁၉ ခုတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အကောင်အထည်ဖော်မည့် ဇရပ်ကွင်း စက်မှုဥယျာဉ်မြို့တော်စီမံကိန်း၊ New City Light Industrial Park Project၊ Yangon City Renewal Project၊ Yangon Construction Materials Trade Centre၊ Pho Sein Highrise Project၊ Yangon Financial Tower Project၊ Crossborder E-commerce Project Platform စသည်ဖြင့် စီမံကိန်းများကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။


အဆိုပါစီမံကိန်းများတွင် ဟိုတယ်နှင့် ခရီးသွားကဏ္ဍဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ဟံသာဝတီ စက်မှုမြို့တော်စီမံကိန်း၊  စိုက်ပျိုးရေးကဏ္ဍဍမှ စီမံကိန်းများ ပါဝင်သည်။ တရုတ်၊ ဟောင်ကောင်နှင့် မြန်မာပါဝင်သည့် ကုမ္ပဏီအုပ်စုက ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်စက်မှုဇုန်ကို ဒေါ်လာ သန်း ၅၀ဝ ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

“ဒေါ်လာ သန်း ၅၀ဝ ဝန်းကျင်ရှိတဲ့စီမံကိန်းက ပြီးခဲ့တဲ့နှစ်က ရန်ကုန်တိုင်းရဲ့ စည်ပင်သာယာ ဧရိယာပြင်ပ မြို့နယ် ၁၂ မြို့နယ် ရှိပါတယ်။ ကိုကိုးကျွန်းမြို့နယ်ဖယ်လိုက်ရင် ၁၁ မြို့နယ်ရှိပါတယ်။ အဲဒီ ၁၁ မြို့နယ်မှာ ဧက ၁၀ဝ၀ စီမံကိန်းတွေကို အကောင်အထည် ဖော်ထားတာ ရှိပါတယ်။ အဲဒီဧက ၁၀ဝ၀ စီမံကိန်းတွေ အကောင်အထည်ဖော်ထားတဲ့ အထဲမှာ ထန်းတပင်မှာရှိတဲ့ စက်မှုဇုန်ကို ဟောင်ကောင်၊ ထိုင်ဝမ်က ရင်းနှီးမြှုပ်နှံဖို့အတွက် MOU ထိုးမှာဖြစ်ပါတယ်” ဟု ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြားသောစက်မှုဇုန်များတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန်အတွက် စိတ်ဝင်စားနေသည့် ရင်းနှီးမြှုပ်နှံသူများရှိကြောင်း၊ သို့သော်လည်း နှစ်ဖက်နားလည်မှုစာချွန်လွှာရေးထိုး သည့်အဆင့်သို့ မရောက်သေးဘဲ ဆွေးနွေးနေဆဲအဆင့်သာ ရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့က ကြီးမှူးပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ ဦးဆောင်၍ Myanmar Investors Development Association (MIDA) ၏ အဓိကပံ့ပိုးမှု၊ Pwc Singapore/Myanmar ၏ ပူးပေါင်းမှုတို့ဖြင့် Yagon Investment Forum ကို ကျင်းပခြင်းဖြစ်သည်။

Yagon Investment Forum တွင် ရန်ကုန်တိုင်းအတွင်း လက်ရှိလုပ်ကိုင်လျက်ရှိသော စီးပွားရေးလုပ်ငန်းများနှင့် စီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်ရန်အတွက် အလားအလာရှိသည့်လုပ်ငန်းများ၊ စီးပွားရေးဆိုင်ရာမူဝါဒများ၊ ဆွေးနွေးပွဲများနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက်ဆွေးနွေးခြင်းများ ပါဝင်သည်။

အဆိုပါဖိုရမ်သို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ စုစုပေါင်း  ၁၂၀ဝ ကျော် တက်ရောက်ခဲ့ကြသည်။ 

No comments:

Post a Comment