Wednesday, July 10, 2019

တာချီလိတ်မြို့မှာ ပိတ်ဆို့စစ်ဆေးရှာဖွေရာမှ သေနတ်ပါလာတဲ့ တရားခံကို ဖမ်းဆီးရမိ

တာချီလိတ်မြို့၊ ဝိန်းကျောင်ရပ်ကွက်၊ တော်ကော့အတွင်းပိုင်းရှိ အောင်ပင်လယ်လမ်းဆုံမှာ ယနေ့ ဇူလိုင်လ(၉)ရက်နေ့ ညပိုင်းက ရှောင်တခင် ပိတ်ဆို့ရှာဖွေစဉ် Ruger အမျိုးအစား 380 Auto သေနတ်နဲ့ ကျည် (၁၄)တောင့်တို့ကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရပါတယ်။  ယနေ့ ည(၈)နာရီခွဲအချိန်ခန့်က ရဲတပ်ဖွဲ့ဝင်တွေဟာ ရှောင်တခင် ပိတ်ဆို့စစ်ဆေး ရှာဖွေမှုများပြုလုပ်နေစဉ် ဟုန်ပန်းကွင်းဘက်မှ တာဝေမီးစက်ဘက်ကို အိုက်လာ (၃၀)နှစ် မောင်းနှင်လာတဲ့ Ford Ranger အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ရဲ့ ဝဲဘက်ထိုင်ခုံအပေါ်ရှိ လွယ်အိတ်ထဲမှ ကျည်(၅)တောင့်ပါ Ruger အမျိုးအစား 380 Auto (၁)လက်၊ ဇစ်ဆွဲအိတ်အတွင်းမှ ကျည် (၉)တောင့်တို့ကို တွေ့ရှိဖမ်းဆီးရမိခဲ့ပါတယ်။


ယခုလက်နက်နဲ့ခဲယမ်းများနဲ့အတူဖမ်းဆီးရမိခဲ့တဲ့ အိုင်လာ (၃၀)နှစ်၊ မိုင်းခတ်မြို့နေသူကို တာချီလိတ်မြို့မရဲစခန်းမှာ အမှုဖွင့်အရေး ယူဆောင်ရွက်ထားကြောင်း သိရပါတယ်။
တာချီလိတ်မြို့မှာ ဇူလိုင်လ ၈ရက် မနက်ပိုင်းက ရှင်းမန် - ရှင်းဒါ ၂ ရွှေဆိုင်ကို သေနတ်ကိုင် လူ ၂ ဦးက ဝင်ရောက်လုယက်ခဲ့တာဖြစ်ပါတယ်။ ဒီလုယက်မှုဟာ တာချီလိတ်မြို့မှာ ၃လကျော်ကာလအတွင်း ရွှေဆိုင် ၃ဆိုင်မှာ ၃ကြိမ်မြောက် ဓားမြတိုက်၊ လုယက်ခံရတာလည်းဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ပိတ်ဆို့စစ်ဆေးမှုတွေကို ဆက်တိုက် ပြန်လည်ပြုလုပ်တာလာဖြစ်ပါတယ်။

တာချီလိတ်မြို့မှာ ၂၀၁၉ ခုနှစ်အတွင်း သေနတ်ပစ်မှု (၃)ကြိမ်ဖြစ်ပွားကာ ၂ ကြိမ်မှာ လူ ၂ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူ ၂ဦးထဲမှာ တာချီလိတ်မြို့ရဲ့ မြို့မျက်နှာဖုံး သူဌေးကြီး တပင်ရွှေထီး ဦးအာဖာလည်း ပါဝင်ခဲ့ပါတယ်။ ဒီအမှုတွေအတွက် တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

ရွှေဆိုင်ဓားပြတိုက် လုယက်မှုတွေမှာလည်း ပထမဆုံးအကြိမ် နန်းနန်းဘွန်းကျောက် ရွှေဆိုင်ကို ဝင်ရောက် ဓားပြတိုက်ခဲ့သူ ၆ ဦးထဲက ၂ဦးကို သာ ဖမ်းဆီးရမိသေးပြီး ကျန်ကွင်းဆက်တရားခံတွေကို ဖမ်းဆီးရမိခြင်း မရှိသေးသလို အခြား ရွှေဆိုင် လုယက်မှု ၂မှု နဲ့ ပတ်သက်တဲ့ တရားခံတွေကိုလည်း ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပါတယ်။

No comments:

Post a Comment