Tuesday, June 11, 2019

ဧရာဝတီတိုင်းအတွင်း နေ့စဉ်မိုးရွာသွန်းမှုများရှိနေသော်လည်း လယ်ယာမြေအချို့တွင် အောင်ရေမရရှိသေးသောကြောင့် ရေသွင်းစိုက်ပျိုးခြင်း၊ အောင်ရေစောင့်ဆိုင်းနေရခြင်းများ ရှိနေ

ဧရာဝတီတိုင်းဒေသကြီးအတွင်း နေ့စဉ်မိုးရွာသွန်းမှုများ ရှိနေသော်လည်း မုတ်သုံအဝင်နောက်ကျခြင်း၊ မိုးရေချိန်လုံလောက်စွာ မရရှိခြင်းများကြောင့် လယ်ယာမြေအချို့တွင် အောင်ရေမရရှိသေးဘဲ ရေသွင်းစိုက်ပျိုးရ ခြင်း၊အောင်ရေစောင့်ဆိုင်းနေရခြင်းများ ရှိနေသေးကြောင်း သတင်းရရှိသည်။



ဇွန်လဆန်းပိုင်းမှ စတင်ကာ မုတ်သုံဝင်ရောက်၍ မိုးရွာသွန်းမှုများရှိလာနေသော်လည်း လယ်ယာမြေများတွင် မိုးရေလုံလောက် စွာမရရှိသေးကြောင်း ရေချိုဒေသများတွင် ပျိုးထောင်ရန်အတွက် ပျိုးကွက်များကို ရေသွင်းပျိုးထောင်နေရခြင်း၊ ယခုအချိန်တွင်မှ လယ်ယာမြေများကို ပြုပြင်နေရခြင်းများရှိနေကြောင်း၊ ရေငန်ဒေသများတွင်မူ မိုးရေချိန်လုံလောက်စွာ မရရှိသေးသောကြောင့် လယ်ယာမြေများအတွင်း ပပ်ကြားအက်များသာ ဖြစ်နေသေးပြီး ပျိုးကြဲ ပျိုးထောင်စိုက်ပျိုးရန်အတွက် အောင်ရေရရှိစေရန် စောင့်ဆိုင်းနေ ရဆဲဖြစ်ကြောင်း သိရသည်။

“မိုးက နှစ်ပတ်လောက်နောက်ကျပြီးဝင်တာကိုး ဒီဘက်မှာက အခုဆိုရေက ကောင်းကောင်းမရသေးတော့ တချို့လယ်တွေဆို ပပ်ကြားအက်တွေပဲ ရှိသေးတယ်။ ပြန်မစေ့ သေးဘူး။ စက်ကြီးရောက်တဲ့နေရာတွေ ငှားနိုင်တဲ့သူတွေကတော့ အဆင်ပြေတယ်။ အခုထဲက ထွန်ချနေတာပေါ့။ အခုနောက်ကျနေတာက သိပ်ပြဿနာမကြီးသေးဘူး။ နောက်တစ်ပတ်လောက်ထိ မိုးရေက ကောင်းကောင်း မရရင်တော့ မလွယ်ဘူး။ အကုန်နောက်ကျကုန်ပြီ။ ဒီတစ်ပတ်ထဲကို ထွန်ချနိုင်မှ ဖြစ်မှာ”ဟု လပွတ္တာမြို့နယ် ရေဆိုင်ကုန်းကျေးရွာမှ တောင်သူတစ်ဦးဖြစ်သူ ဦးသန်းမြင့်က ဆိုသည်။

ရေချိုရရှိသည့် ဒေသများတွင်လည်း မိုးရေချိန်လုံလောက်စွာ မရရှိသေးသောကြောင့် ရေသွင်းစိုက်ပျိုးနေရသေးကြောင်း သိရသည်။

“မိုးရေက မလိုက်သေးပေမဲ့ ငွေနိုင်တဲ့ လယ်သမားကြီးတွေကျတော့ စက်တွေဆင်းပြီးမောင်း ရေမောင်းတင်နဲ့ အဆင်ပြေပါတယ်။ ပျိုးကွက်လည်း သက်သက်လုပ်ထားတော့ အဆင်ပြေပါတယ်။ ငွေမနိုင်တဲ့ လယ်သမားအချို့ကတော့ ရေတင်ရတာနဲ့ စက်မောင်းဖို့ခက်တာနဲ့ မိုးစောင့်ရမှာပဲ၊ သိပ်တော့ နောက်မကျသေးပါဘူး မီတော့မီတယ်။ နွေစပါးအတွက်ကတော့ ပြန်ပြီးတော့ ကပ်သွားလိမ့်မယ်ထင်တယ်” ဟု မြောင်းမြမြို့မှ ဆန်လုပ်ငန်းရှင်လည်းဖြစ်ပြီး လယ်ယာစိုက်ပျိုးနေသူ ဦးမောင်ဝင်းက ဆိုသည်။

ယခုနှစ်တွင် အပူရှိန်မြင့်မားပြီး မုတ်သုံအဝင်မှာ နှစ်ပတ်ခန့် နောက်ကျခဲ့မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အခက်အခဲများ မိုးရေလုံလောက်စွာ မရရှိခြင်း၊ စိုက်ပျိုးချိန်နောက်ကျခြင်းများကို ကြုံတွေ့နေရပြီး မိုးလယ်ကာလများတွင် မိုးမမှန်ပါက စိုက်ပျိုးသီးနှံများ ထိခိုက်မှုများ ရှိလာမည်ကိုလည်း တောင်သူများက စိုးရိမ်နေကြကြောင်း သိရသည်။

No comments:

Post a Comment