Tuesday, June 11, 2019

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခြင်း ခံနေရသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော် အပါအဝင် လေးဦးကို ၁၂ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဒုညွှန်မှူးကို စတင်စစ်ဆေး

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှု ဥပဒေဖြင့် တရားစွဲဆို၍ ထားဝယ်အကျဉ်းထောင်တွင် ဖမ်းဆီးစစ်ဆေးခြင်းခံနေရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူ သုံးဦးတို့ကို ဇွန် ၁၀ ရက်က တိုင်းဒေသကြီး တရားလွှတ်တော်ရုံး၌ ၁၂ ကြိမ်မြောက်အဖြစ ရုံးထုတ်ခဲ့ပြီး တရားလိုပြ သက်သေအဖြစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလှိုင်ကို စတင် စစ်ဆေးခဲ့ကြောင်း သိရသည်။



“ ဒီနေ့  ၁၀ ရက် ၆ လ ၂၀၁၉ ရက် ရုံးချိန်းမှာ တနင်္သာရီ တိုင်းဒေသကြီး တရားလွှတ်တော် ရာဇဝတ်ကြီး အမှုအမှတ် (၁/၂၀၁၉)၊ (၂/၂၀၁ ၉)၊ (၃/၂၀၁၉) အမှုတွေက တရားလိုပြ သက်သေ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလှိုင်ကို စစ်ဆေးခဲ့ပါတယ်။ ရာဇဝတ်ကြီးအမှု အမှတ် (၄/၂၀၁၉) အမှု အတွက် ဦးစိုးလှိုင်ကို စစ်ဆေးဖို့ ၁၁ ရက် ၆ လ ၂၀၁၉ ရက်ကို ချိန်းဆိုထားပါတယ်”ဟု တိုင်းဒေသကြီး တရားလွှတ်တော်မှ တိုင်းတရားရေး ဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောကြားသည်။

တရားခွင် စတင်ချိန်၌ တရားခွင်အတွင်းသို့  ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူ သုံးဦးတို့၏ မိသားစုဝင်များက ယခင်ရုံးချိန်းများကဲ့သို့ ဝင်ရောက် နားထောင်ခဲ့သည်။

၁၂ ကြိမ်မြောက် ရုံးချိန်းတွင်မူ ဒေါက်တာလဲ့လဲ့မော်၏ခဲအို တော်စပ်သော သရက်ချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့် ဦးအောင်စိုးလည်း လာရောက်ခဲ့ပြီး GGS ကုမ္ပဏီ ဒါရိုက်တာ ဦးအောင်မြတ် ကို လက်ဆွဲ နှုတ်ဆက်ခဲ့ကာ နံနက် ၁၁ နာရီခန့်တွင် တရားခွင်အတွင်းမှ ပြန်လည် ထွက်ခွာသွားခဲ့သည်ကို တွေ့ရသည်။

ဇွန် ၁၀ ရက် ရုံးချိန်းတွင် တရားလိုပြ သက်သေဖြစ်သော တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလှိုင်ကို အဂတိအမှုနှင့် ဆက်နွယ်နေသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက် မှတ်တမ်းများ၊ စာရွက်စာတမ်းများနှင့် ပတ်သက်၍ စစ်မေးခဲ့မှုများ ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင်ရုံးချိန်းတွင် ရာဇဝတ်ကြီး အမှုအမှတ် (၁/၂၀၁၉) ၌ တရားလိုဘက်က သက်သေခံ စာရွက်စာတမ်း ၄၄ စောင်နှင့် ရာဇဝတ်ကြီး အမှုအမှတ် (၂/ ၂၀၁၉) ၌ တရားလိုဘက်က သက်သေခံ စာရွက်စာတမ်း ၄၃ စောင် တင်သွင်းခဲ့ကာ ရာဇဝတ်ကြီး အမှုအမှတ် (၃/ ၂၀၁၉) ၌ တစ်တရားခံ ဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် ဘက်က သက်သေခံ စာရွက်စာတမ်း ကိုးစောင် တင်သွင်းခဲ့သည်။

တရားလိုဖြစ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တိုင်းဒေသကြီး တရားလွှတ်တော်၏ ရာဇဝတ်ကြီး အမှုအမှတ် (၁/၂၀၁၉) တွင် တရားလို အပါအဝင် တရားလိုပြ သက်သေ ၂၄ ဦး၊ ရာဇဝတ်ကြီး အမှု အမှတ်(၂/၂၀၁၉) တွင် တရားလို အပါအဝင် တရားလိုပြ သက်သေ ၂၅ ဦး၊ ရာဇဝတ်ကြီး အမှုအမှတ် (၃/၂၀၁၉)တွင် တရားလို အပါအဝင် တရားလိုပြ သက်သေ၂၆ ဦး၊ ရာဇဝတ်ကြီး အမှုအမှတ် (၄/၂၀၁၉) တွင် တရားလို အပါအဝင် တရားလိုပြ သက်သေ ၂၃ ဦး စုစုပေါင်း အမှုတွဲ လေးခုအတွက် တရားလိုပြ သက်သေ ၉၈ ဦး တင်သွင်းထားသည်။

No comments:

Post a Comment