Tuesday, June 11, 2019

ဗြိတိန်ဝန်ကြီးချုပ် နေရာအတွက် ယှဉ်ပြိုင်မယ့် နောက်ဆုံး ဆယ်ဦးစာရင်း အတည်ပြု

ဗြိတိန်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူရမယ့် ကွန်ဆာဗေးတစ်ပါတီရဲ့ ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ကြမယ့် နောက်ဆုံးကိုယ်စားလှယ်ဆယ်ဦး အမည်စာရင်းကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ အဲဒီ စာရင်းကို နောက်ဆုံးအတည်မပြုခင်ကတည်းက မဲဆွယ်စည်းရုံးမှုတွေ ကြိုတင်လုပ်ဆောင်နေတဲ့ ဂျာရီမီဟန့်၊ ဒေါမနစ်ရတ်ဘ်၊ မတ်ဟန်ကော့နဲ့ မိုက်ကယ်ဂို့ဗို့တို့ အားလုံး စာရင်းထဲ ပါဝင်လာပါတယ်။



ကွန်ဆာဗေးတစ်ပါတီအမတ်တွေဟာ အဆိုပါ ဆယ်ဦးထဲက နောက်ဆုံးနှစ်ဦးထဲ ကျန်တဲ့အထိ မဲပေးရွေးချယ်မှုတွေကို လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

ဒီနောက်မှာ အဲဒီဇကာတင် ကျန်ရှိတဲ့ ကိုယ်စားလှယ်လောင်းနှစ်ဦးဟာ ပါတီရဲ့ ခေါင်းဆောင်အဖြစ်နဲ့ နိုင်ငံရဲ့ ဦးသျှောင်အကြီးအကဲအဖြစ် တာဝန်ယူဖို့ကို ပါတီအမတ်တွေရဲ့ ရွေးချယ်ဆုံးဖြတ်ချက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

လက်ရှိနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်သူ ထရီဆာမေဟာ ပြီိးခဲ့တဲ့ သီတင်းပတ်က ကွန်ဆာဗေးတစ်ပါတီ အကြီးအကဲအဖြစ်ကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပေမယ့် ဆက်ခံမယ့်သူ မရွေးချယ်ရသေးခင်အထိ နိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ဆက်လက်ယူထားရမှာ ဖြစ်ပါတယ်။

ကွန်ဆာဗေးတစ်ပါတီ အကြီးအကဲနေရာကို ယှဉ်ပြိုင်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ အခြား အမတ်ရှစ်ဦးရဲ့ ထောက်ခံချက်ရရှိ ရမှာဖြစ်ပါတယ်။

ဇွန် ၁၃၊ ၁၈၊ ၁၉ နဲ့ ၂၀ ရက်တွေမှာ လျှို့ဝှက်မဲပေးမှုတွေ လုပ်ဆောင်ပြီး သီတင်းလေးပတ်ခန့်အကြာ ဇူလိုင်လကုန်လောက်မှာတော့ ပါတီအကြီးအကဲအဖြစ် ရွေးကောက်ခံရသူကို ကြေညာမှာ ဖြစ်ပြီး ၎င်းက ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

အီးယူကနေ ဗြိတိန် နုတ်ထွက်မှု ဘရစ်ဇစ်အရေးနဲ့ ပတ်သက်ပြီး လွှတ်တော်အတွင်း ထောက်ခံမှု ရအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ ထရီဆာမေဟာ ဖိအားတွေကြောင့် ဒေါင်းနင်းလမ်း အိမ်အမှတ် ၁၀ မှာ သုံးနှစ်လောက်နီးပါး တာဝန်ထမ်းရွက်ခဲ့အပြီး ခုလို နုတ်ထွက်ရတာပဲ ဖြစ်ပါတယ်။

No comments:

Post a Comment