Tuesday, June 11, 2019

ရခိုင်အမျိုးသားပါတီမှ ပါတီဝင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ ဦး ထပ်မံ နုတ်ထွက်

ပြီးခဲ့သည့် မေ ၂၉ ရက်နေ့က မာန်အောင်မြို့နယ် ပါတီဝင်များအားလုံး နှုတ်ထွက်မှုဖြစ်ထားသည့် ရခိုင်အမျိုးသားပါတီ(ANP) မှ ပါတီ ၀င်၂ ဦး(လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) တို့ ထပ်မံနှုတ်ထွက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ယခုထပ်မံနှုတ်ထွက်လိုက်သည့် ပုဂ္ဂိုလ်များမှာ ရခိုင်ပြည်နယ်မဲဆန္ဒနယ် ၄ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော် နှင့် ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ် တို့ဖြစ်သည်။ ၎င်းတို့၏ နှုတ်ထွက်စာကို ဇွန် ၆ ရက်နေ့ ရက်စွဲဖြင့်လိပ်မူထားကြောင်းသိရသည်။



ဦးကျော်ကျော်ကမူ နှုတ်ထွက်ရသော အကြောင်းအရင်းနှင့်ပတ်သက်၍ ပါတီ၏လုပ်ဆောင်ချက် အချို့အပေါ် သဘောထားမတိုက်ဆိုင်မှုများရှိခဲ့ကြောင်း၊ ယင်းအတွက် ပါတီ၏ CEC ၊ CC အစည်းအဝေးများကို မတက်ရောက်ခဲ့သည်မှာတစ်နှစ်ကျော်ခန့်ရှိပြီး ပါတီနှင့်ကင်းကွာလျက်ရှိကြောင်း၊ မေ ၃၀ / ၃၁ ကပြုလုပ်သော ပါတီ၏ဗဟိုညီ လာခံသို့လည်းမတက်ရောက်ဖြစ်ခဲ့ကြောင်း ၊ သို့ဖြစ်၍ ရခိုင်အမျိုးသားပါတီအတွက်လည်း အသုံးမ၀င် အကျိုးမရှိ ၊ ၎င်းကိုယ်တိုင်အတွက်လည်း အဓိပ္ပာယ်မရှိသဖြင့် ပါတီမှနှုတ်ထွက်ရခြင်းသဖြစ်ကြောင်း ၎င်း၏ နှုတ်ထွက်စာတွင်ဖော်ပြထားသည်။

အလားတူ နောက်တစ်ဦးဖြစ်သည့် ဦးခင်မောင်လတ်ကလည်း ပါတီနှင့်ကင်းကွာနေသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်ကြောင်း ၊အစည်းအဝေးများနှင့်ကင်းကွာနေသည်မှာလည်း တစ်နှစ်ကျော်ခဲ့ကာ ပါတီညီလာခံသို့လည်းမတက်ရောက်ဖြစ်ခဲ့ကြောင်း ၊ ယင်းအတွက် ပါတီနှင့်ကင်းလျက် Sleeping member အဖြစ် အဓိပ္ပာယ်မဲ့နေသဖြင့် ပါတီမှ နှုတ်ထွက်ခွင့်တင်ရခြင်းဖြစ်ကြောင်း နှုတ်ထွက်စာတွင်ဖော်ပြထားသည်။

ရခိုင်အမျိုးသားပါတီမှ ဒေါက်တာအေးမောင် နှုတ်ထွက်စာတင်ပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ ပါတီမှနှုတ်ထွက်မှုများခပ်စိတ်စိတ်ရှိလာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေ ၂၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်ပါတီဝင် အားလုံးထဲတွင် ၂ ဦးသာကျန်ပြီး ကျန်လူအားလုံး ရခိုင်အမျိုးသားပါတီမှ နှုတ်ထွက်ခဲ့ကြသည်။ မာန်အောင်မြို့နယ် ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် အ တွင်းရေးမှူး မြို့နယ်အလုပ်မှုဆောင် ဦးသန်းနိုင်ကို ပါတီမှ ထုတ်ပယ်လိုက်မှုနှင့်ပတ်သက်၍ မြို့နယ်ပါတီဝင်များက နှုတ်ထွက်ခဲ့ကြခြင်းဖြစ်သည်။

No comments:

Post a Comment