Tuesday, June 11, 2019

ဓါတ်တိုင်များတင်၍ ရပ်ထားသော ဆယ်ဘီးယာဉ်ကို ဝင်တိုက်မိရာမှ ဆရာဝန်သုံးဦး သေဆုံး

ဖျာပုံ - ကျိုက်လတ် လမ်းမကြီးမှာ ရှိတဲ့ တံတားတွင် ဓာတ်တိုင်များတင်၍   ရပ်ထားသည့် ဆယ်ဘီးကားကို ဆရာဝန်များ လိုက်ပါလာသည့် ကားက ဝင်တိုက်မိရာမှ ကားပေါ်ပါ ဆရာဝန် သုံးဦး သေဆုံးခဲ့ရကြောင်း သိရသည်။   ဇွန်လ ၁၁ရက်နေ့ နံနက် ၂နာရီနှင့် ၃နာရီကြားက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ခန့်မှန်းထားပြီး ၎င်းဖြစ်စဉ်အား ယာဉ်ထိန်းရဲတပ်ဖွဲ့မှ နံနက် ၃နာရီခွဲခန့်မှသာ သိရှိရကြောင်းအမှတ်(၈၀)ယာဉ်ထိန်းရဲတပ်ဖွဲ့ စုမှုးရုံးမှ ခေတ္တတပ်ဖွဲ့စုမှုး   ရဲအုပ်ဇာနည်ထွန်းက ပြောသည်။ “ကနဦး စုံစမ်းလို့ရတာတော့ ၁၀ဘီးကားက စက်ချို့ယွင်းလို့ ရပ်ခဲ့တယ်လို့ သိရတယ်၊ ဘယ်လိုပဲရပ်ရပ် ဒီကားက ယာဉ်မရပ်ရတဲ့ နေရာမှာရပ်ထားတယ်၊ သတ်မှတ်ထားတဲ့ အချက်ပြမီးတွေ၊ မီးဆိုင်းတွေပြမထားဘူး၊ ယာဉ်မောင်း ကလည်း ကားရပ်ပြီးထွက်သွားတယ်”ဟု ရဲအုပ်ဇာနည်ထွန်းက ပြောသည်။


အဆိုပါ ၁၀ဘီးယာဉ်သည် ကျေးရွာမီးလင်းရေးတွင်အသုံးပြုမည့် ဓါတ်တိုင်များအားတင်၍ ရန်ကုန်ဘက်မှ ဖျာပုံဘက်သို့ လာခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါတံတား၌ ရပ်တန့်ထားစဉ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အချက်ပြတွေ မတပ်ထားတော့ သူတို့လည်း ပုံမှန်အတိုင်းလာရာကနေ ဘွားကနဲမြင်လိုက်ရတယ်ထင်တယ်၊ မရှောင်နိုင်တော့ တိုက်မိတယ် ဓာတ်တိုင်သုံးချောင်းက ကားရှေ့ကနေနောက်မထိ ဖောက်ထွက်သွားတယ် အဲဒီဘက်ခြမ်းမှာ ထိုင်တဲ့ ဆရာဝန်သုံး ဦးစလုံး သေဆုံးသွားတယ်၊ သုံးယောက်ကတော့ ဒဏ်ရာတွေရတယ်”ဟု ရဲအုပ်ဇာနည်ထွန်းကပြောသည်။

အဆိုပါမော်တော်ယာဉ်အား ဒေါက်တာဝေယံမျိုးထက်မှမောင်းနှင်လာခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်မောင်းဖြစ်သူကိုယ်တိုင်နှင့် ဒေါက်တာအေးမြတ်သူ၊ ဒေါက်တာပန်ဂျာထွယ်တို့ မှာ ယာဉ်တိုက်မှုကြောင့် သေဆုံးသွားခဲ့သည်။

ဆယ်ဘီးယာဉ်၏ ယာဉ်မောင်းအား ဖမ်းဆီးရမိခြင်းမရှိသေးသော်လည်း အဆိုပါမော်တော်ယာဉ်ပိုင်ရှင်ကို ရဲတပ်ဖွဲ့က ဆက်သွယ်ပြီး ဖမ်းဆီးရမိရေးအတွက်ဆောင်ရွက်လျှက်ရှိသည်ဟု ဆိုသည်။ ထို့ပြင် အဆိုပါယာဉ်မောင်းအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄- က(လူသေစေမှု)၊ ပုဒ်မ၃၃၇ (နာကျင်စေမှု)တို့ဖြင့် အမှုဖွင့်ထားကြောင်း ဖျာပုံမြို့မရဲစခန်းမှသိရသည်။

No comments:

Post a Comment