Tuesday, June 11, 2019

စင်္ကြံလမ်းပြည်သူချင်းချိတ်ဆက်မှုနှင့် စိန်ခေါ်ချက်များ

စီးပွားရေး စင်္ကြံလမ်း အောင်မြင် အထ မြောက်ဖို့ ဆိုရင် ပြည်သူချင်း ချိတ်ဆက်တာ အားကောင်းဖို့ လိုတာမို့ ဒေသခံပြည်သူတွေ မထောက်ခံရင်၊ မယုံကြည်ရင် အဲဒီလမ်းတွေ၊ ခါးပတ်တွေဟာ အလုပ်ဖြစ်နိုင်ခြေနည်းပါလိမ့်မယ်။ ပြည်သူချင်းချိတ်ဆက်တာကို ဗဟိုပြုနိုင်ဖို့ဆိုရင် ပြည်သူကို ရှင်းလင်းအသိပေးနိုင်ဖို့ အရေးကြီးသလိုပြည်သူ့အသံကို နားစွင့်ဖော်ဆောင်နိုင်ဖို့ကလည်း သော့ချက်ကျပါတယ်။ ပြည်သူကိုအလေးမထား ဘေးဖယ်ထားမယ် ဆိုရင်တော့ ပြည်သူချင်းချိတ် ဆက်မှုဆိုတာ စကားလုံးသက် သက်သာ ဖြစ်နိုင်ကာ စင်္ကြံလမ်း တွေ၊ ခါးပတ်တွေကို ဖော်ဆောင် တဲ့နေရာမှာ စိန်ခေါ်ချက်တွေ၊ အကျပ်အတည်းတွေကို ပိုလို့တိုး တိုးလာစေမှာ ဖြစ်ပါတယ်။

တရုတ်-မြန်မာ စီးပွားရေး စင်္ကြံလမ်း (China-Myanmar Economic Corridor - CMEC) နဲ့ ပတ်သက်ရင် မြန်မာပညာရှင်တွေ၊ လွှတ်တော်ကိုယ်စားလှယ် တွေ၊ နိုင်ငံရေးသမားတွေနဲ့ လေ့ လာစောင့်ကြည့်သူတွေအကြား ဂဃနဏ သိနားလည်တဲ့သူအ တော့်ကို နည်းနေသေးတာက စိုးရိမ်ရေမှတ်တစ်ခု ဖြစ်နေပါ  တယ်။ အစိုးရ၊ လွှတ်တော်နဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ အ ကြီးအကဲတွေ၊ အထူးအနေနဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် က လွှတ်တော်ကိုယ်စားလှယ် တွေ၊ တိုင်းရင်းသားခေါင်းဆောင် တွေအနေနဲ့ တရုတ်-မြန်မာ စီးပွား ရေးစင်္ကြံလမ်းနဲ့ ပတ်သက်ရင်အချိန်နဲ့တစ်ပြေးညီ ခရေစေ့တွင်း ကျသိနိုင်ဖို့ အပတ်တကုတ် အားထုတ်ကြရမှာ ဖြစ်ပါတယ်။ တကယ်တော့BRI (Belt & Road Initiative)တို့၊ OBOR (One Belt One Road)တို့၊ CMEC တို့ဆိုတာတစ်ကျောင်းတည်းကထွက်တဲ့ ကျောင်းနေဖက်တွေဆိုတာ သတိ ချပ်ဖို့လိုပါလိမ့်မယ်။

CMEC အောက်မှာ တရုတ် နိုင်ငံရဲ့ ဘယ်စီမံကိန်းတွေ၊ ဘယ်ရင်းနှီးမြှုပ်နှံမှုတွေက ဘယ်လို ဘယ်ပုံ အကျုံးဝင်နေသလဲဆိုတာ  မရှင်းမရှင်း ဖြစ်နေသေးတာကလည်း စိုးရိမ်စရာနောက်တစ်ခုဖြစ်ပါတယ်။ အကြီးအကဲတွေ၊ ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေ တောင် ဂဃနဏသိပါရဲ့လားလို့  သံသယဖြစ်စရာကောင်းလွန်းတဲ့အခင်းအကျင်းမှာ အောက်ခြေကျောမွဲ ပြည်သူတွေအကြား CMEC နဲ့ ပတ်သက်ရင် အသိ၊ ဗဟုသုတ နည်းလွန်းတာဟာစိတ်ပျက်စရာမဟုတ်ပေမယ့် စိန်ခေါ် ချက်ကြီးတော့ ဖြစ်နေပါတယ်။ စီမံကိန်းတွေနဲ့ ပတ်သက်ရင် ဒေသခံပြည်သူတွေ သိရမယ်၊ ဒေသခံပြည်သူတွေက သဘော တူရမယ်ဆိုတဲ့ အချက်တွေဟာ စည်းမျဉ်းလိုဖြစ်လာနေတယ်လို့  သုံးသပ်မိပါတယ်။ အဲဒါအပြင် စီမံကိန်းတွေဟာ သူလည်းနိုင်၊ကိုယ်လည်းနိုင်ဖြစ်မယ့် အထိုင် ပေါ်ကနေ ဖော်ဆောင်ဖို့ သိပ်ကိုအရေးကြီးမယ်လို့ ယူဆမိပါတယ်။

တရုတ်သမ္မတနဲ့ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်း ရေးမှူး  စီကျင်းပင်ဟာ ပြည်သူနဲ့ပြည်သူချင်းဆက်သွယ်တာကို အ လွန်အလေးထားတဲ့ ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သလို အဲဒီပြည်သူနဲ့ ပြည်သူချင်းဆက်ဆံတာဟာ BRI လို့လူအများသိတဲ့ ၂၁ ရာစု ပိုးလမ်းမသစ်စီမံကိန်းကြီးရဲ့ အခြေ ခံအုတ်မြစ်လည်း ဖြစ်ပါတယ်။ BRI, CMEC တွေနဲ့ ပတ်သက်လို့ ကျောမွဲ၊ ကြုံရာကျပန်း၊ ခေါင်း ရွက်ဗျပ်ထိုး၊ အိုးမဲ့အိမ်မဲ့ အောက်ခြေပြည်သူလူထုအကြား သိမြင် နားလည်တာ၊ သဘောပေါက် တာ အားနည်းလာပြီဆိုရင်တော့  အဲဒီခြေလှမ်းဟာ ပြည်သူနဲ့ ပြည်သူချင်းချိတ်ဆက်တာကို ဘယ်လို နည်းနဲ့မှ ကျားကန်ပေးနိုင်မှာ မဟုတ်ပါဘူး။ နောက်ဆက်တွဲအ နေနဲ့ တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေ၊ရင်းနှီးမြှုပ်နှံမှုတွေဟာ ပွင့်လင်းမြင်သာမှုမရှိဘူး။ လက်ဝါးချင်း ရိုက်လုပ်နေတယ်ဆိုတဲ့ အသံဗလံ တွေ ဆူညံပွက်လောရိုက်လာစေ မှာကတော့ ဖြစ်နိုင်ခြေတစ်ခုလို့ ထင်မြင်မိပါတယ်။

ပြည်သူနဲ့ ပြည်သူချင်းချိတ် ဆက်မှုဆိုတာနဲ့ BRI တို့၊ CMECတို့ဆိုတာ ဒင်္ဂါးတစ်ပြားရဲ့ ခေါင်းနဲ့ ပန်းလိုဖြစ်တဲ့အပြင် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အပြန်အလှန် အမှီ သဟဲပြုနေတယ်လို့ ထင်မြင်မိပါတယ်။ အဲဒါကြောင့် သမ္မတ စီကျင်းပင်က ပြည်သူနဲ့ ပြည်သူ ချင်းချိတ်ဆက်မှုရဲ့ ဗျူဟာမြောက် အရေးပါမှုကို တခမ်းတနား သြဝါဒပြု၊ လမ်းညွှန်တာလို့ နား လည်မိပါတယ်။ BRI ဖြစ်ဖြစ်၊ CMEC ဖြစ်ဖြစ် အောင်မြင်ဖို့ဆိုရင် ပြည်သူနဲ့ ပြည်သူချင်းချိတ်ဆက်မှုက အားကောင်းဖို့ လိုအပ်မှာဖြစ် ပါတယ်။ အဲဒီတော့ BRI, CMECနဲ့ ပတ်သက်ရင် ပြည်သူကို ခရေစေ့တွင်းကျချပြဖို့၊ ပြည်သူလူထုအ သံနားထောင်ဖို့ဆိုတဲ့ နည်းနာတွေက ရှေ့တန်းရောက်လာရမှာဖြစ် ပါတယ်။ အဲဒါမှလည်း သမ္မတ ကြီးစီကျင်းပင်ရဲ့ မူဝါဒ၊ လမ်းညွှန်ချက်နဲ့အညီ ခရီးဆက်ရာ၊ စီမံကိန်းတွေကို ဖော်ဆောင်ရာရောက် မယ်လို့ ထင်မြင်မိပါတယ်။

စီမံကိန်းတွေ၊ ရင်းနှီးမြှုပ်နှံ တာတွေနဲ့ဆိုင်တဲ့ သတင်းအချက် အလက်တွေကို အောက်ခြေပြည် သူတွေဆီရောက်အောင် ဘယ်လိုလက်ဆင့်ကမ်းနိုင်မလဲဆိုတာက လတ်တလော စိန်ခေါ်ချက်ဖြစ်ပါ တယ်။ ပြည်သူတွေဆီရောက်ဖို့ ဆိုရင် ပြည်သူကရွေးတင်ထားတဲ့  လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍဟာ သော့ချက်ကျပါ တယ်။ ပြည်ထောင်စုလွှတ်တော်၊တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေက ကိုယ်စားလှယ်တွေအနေနဲ့ BRI, CMEC နဲ့ ပတ်သက်ရင် ဂဃနဏသိဖို့ အရင်လုပ်သင့်ပါတယ်။ ပြည်ထောင်စုလွှတ် တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေ၊ အထူးအနေနဲ့  ကချင်ပြည်နယ်လွှတ်တော်၊ ရှမ်းပြည်နယ် လွှတ်တော်တွေမှာတရုတ်-မြန်မာ စီးပွားရေး စင်္ကြံလမ်း- (China-Myanmar Eco-nomic Corridor-CMEC)နဲ့ ပတ်သက်တဲ့ မေးခွန်းတွေမေးသင့်၊ အဆိုတွေတင်သင့်တဲ့အကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေ ကို တိုက်တွန်းလိုပါတယ်။ ရေငုံ နှုတ်ပိတ်နိုင်ငံရေးဟာ ပြည်သူနဲ့ တစ်သားတည်းကျတဲ့ နိုင်ငံရေးနဲ့ ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ် တဲ့အပြင် ပြည်သူနဲ့ ပြည်သူချင်း ချိတ်ဆက်မှုကိုလည်း အားလျော့ စေပါတယ်။ အဲဒါကြောင့် လွှတ် တော်ကိုယ်စားလှယ်တွေက လွှတ်တော်တွေထဲမှာ အသံကျယ်ကျယ်လောင်လောင်ထွက်အောင်လုပ် ရင်း ပြည်သူကို အသိပေးဖို့၊ ရှင်း ပြဖို့ဆိုတဲ့ ခြေလှမ်းကို ထိထိမိမိ လှမ်းသင့်တယ်လို့ မြင်မိပါတယ်။

ပြည်သူလူထုဟာ လွှတ် တော်ထဲက မေးခွန်းတွေ၊ အဆိုတွေ၊ ဆွေးနွေးတာတွေကို ရေဒီယိုကဖြစ်ဖြစ်၊ ရုပ်မြင်သံကြားကဖြစ် ဖြစ်၊ ဖေ့စ်ဘွတ်ခ်ကဖြစ်ဖြစ် နားထောင်ဖြစ်မယ်ဆိုရင် CMEC နဲ့ပတ်သက်လို့ အရင်ကထက်တော့  ပိုသိလာမှာ မြေကြီးလက်ခတ် မလွဲဖြစ်ပါတယ်။ သတင်းစာတွေ၊ရေဒီယိုတွေ၊ ရုပ်မြင်သံကြားလိုင်း တွေနဲ့ ဖေ့စ်ဘွတ်ခ်ကနေ CMEC နဲ့ ပတ်သက်တဲ့ အစီအစဉ်တွေ၊ ဆွေးနွေးတာတွေ ပိုလုပ်လာနိုင် မယ်ဆိုရင်လည်း လူထုပညာပေး ရေးအစီအစဉ်ဟာ ပိုခရီးပေါက် လာမှာ အသေအချာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက လည်း မေးသင့်၊ အဆိုတင်သင့် တာတွေကို မေးမြန်း၊ အဆိုတင်နိုင်လာမယ်ဆိုရင် အပြောမဟုတ်၊အလုပ်နဲ့ သက်သေပြကာ ပြည် သူကို မျက်နှာမူရာ၊ ပြည်သူနဲ့တစ် သားတည်းကျအောင် လုပ်ရာကျ မယ်လို့မြင်မိပါတယ်။

ဘေဂျင်းအနေနဲ့ တရုတ်- မြန်မာ စီးပွားရေးစင်္ကြံလမ်းကို အဆိုပြုထားကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ယီက ၂၀၁၇ ခုနှစ် နိုဝင်ဘာလ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ နေပြည်တော်မှာ တွေ့ ဆုံဆွေးနွေးပြီးတဲ့နောက် ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ တော့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း နားလည်မှုစာချွန်လွှာကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့တယ်။ ကော်မတီတွေ၊ လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းကာ စနစ် တကျ ချဉ်းကပ်ဖော်ဆောင်နေ တယ်လို့ ပြောနိုင်ပေမယ့် အများပြည်သူလူထုသိအောင် အသိပေး နိုင်တဲ့အပိုင်းမှာတော့ အတော့်ကို အားနည်းလွန်းနေတယ်လို့ သုံး သပ်ပါတယ်။ လွှတ်တော်တွေထဲမှာ CMEC နဲ့ ပတ်သက်ရင် အသံ တိတ်ဆိတ် လွန်းတာကလည်း မဖြစ်သင့်ဘူးလို့မြင်မိပါတယ်။

အနှစ်ချုပ်အနေနဲ့ပြောရရင် စီမံကိန်းတွေ၊ ရင်းနှီးမြှုပ်နှံတာ တွေနဲ့ ပတ်သက်ရင် အောက်ခြေပြည်သူလူထု သိရှိနားလည် အောင်လုပ်တဲ့ အပိုင်းကို အား ကောင်းသထက် အားကောင်း အောင် အများကြီးပြုပြင်ရဦးမယ် လို့ ထင်မိပါတယ်။ ပြည်သူက ဒီမိုကရေစီနည်းကျ ရွေးတင်တဲ့ အစိုးရအနေနဲ့ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို ပိုလို့တောင် အ လေးထားရမယ်ဆိုတာ ဖုံးကွယ် လို့မရနိုင်တဲ့ အမှန်တရားပါ။ တရုတ်ရဲ့ စီမံကိန်းတွေ၊ ရင်းနှီးမြှုပ်နှံတာတွေနဲ့ ပတ်သက်ရင် တော့ ပိုလို့တောင်  ပွင့်လင်းမြင် သာဖို့၊ ပြည်သူကို ချပြနိုင်ဖို့လို လိမ့်မယ်လို့ ပြောချင်ပါတယ်။ ပြည်သူကို မျက်နှာမူရမယ်လို့ ပြည်သူနဲ့အတူလို့ ပြောနေ၊ ရေးနေကြပေမယ့် တကယ့်တကယ် မှာတော့ ပြည်သူကို ရှောင်နေ မယ်၊ ပြည်သူ့အသံတွေ၊ ဆန္ဒတွေ ကို လျစ်လျူရှုနေမယ်ဆိုရင် စီမံ ကိန်းတွေ၊ ရင်းနှီးမြှုပ်နှံတာတွေ ဖော်ဆောင်တဲ့နေရာမှာ မှန်းချက် နဲ့ နှမ်းထွက်ကိုက်ဖို့ ခက်သထက် ခက်လာနိုင်တဲ့အကြောင်း မီး မောင်းထိုး သုံးသပ်တင်ပြလိုက်ရ ပါတယ်။

No comments:

Post a Comment