Tuesday, June 11, 2019

စာမေးပွဲကျရှုံးသော ချစ်တပည့်သို့ ပေးစာ

ဇွန်လ ၈ ရက်က တက္ကသိုလ် ၀င်တန်း စာမေးပွဲအောင်စာရင်း တွေ ထွက်တော့သား ကျရှုံးတယ် လို့ သတင်းကြားရတဲ့အတွက် ဆရာစိတ်မကောင်းပါဘူး။ ဒီအ ချိန်မှာ သားရော၊ သားရဲ့ မိဘ တွေရော ၀မ်းနည်းနေကြမယ်ဆို တာ ဆရာနားလည်ပါတယ်။ သားအနေနဲ့ စာမေးပွဲကျရှုံးခြင်းအပေါ် အတော်လေး စိတ်ဓာတ်ကျနေ တယ်လို့ သတင်းကြားရလို့ ဒီစာ ကို ဆရာရေးလိုက်တာပါ။ ဆရာ ဆက်ပြီးပြောမယ့် အကြောင်းအ ရာတွေကို သားသေချာဖတ်ပေး ပါ။ ပြီးတော့မှ သားအနေနဲ့ စိတ် ဓာတ်ကျနေသင့်သလားဆိုတာ ကို ကိုယ့်ဘာသာ ဆုံးဖြတ်ပါသား ရေ။



သားရေ ... စာမေးပွဲဆိုတာ အောင်တာနဲ့ကျတာ နှစ်မျိုးပဲရှိ တယ်ဆိုတာ သားသိပြီသားပါ။ သားအခု စာမေးပွဲကျတယ်။ ဘာ ဖြစ်လို့လဲ။ လွယ်လွယ်ပြောရင် မအောင်လို့ကျတာပေါ့လေ။ သားအနေနဲ့ ‘ငါစာမေးပွဲကျတယ်’ဆို တဲ့ အတွေးကို အမြဲတမ်းခေါင်း ထဲထည့်ပြီး စိတ်ညစ်ဝမ်းနည်းနေ ရုံနဲ့ စာမေးပွဲပြန်ပြီး မအောင်လာ ဘူးဆိုတာ သားလည်းသိပြီးသား ပါ။ ဒါဆို ဘာလုပ်သင့်သလဲ။ သားအနေနဲ့ ဘာဖြစ်လို့ မအောင်ရတာ လဲဆိုတဲ့ အချက်ကို သေသေ ချာချာ စဉ်းစားဖို့ မလိုပေဘူးလား။  ပြီးခဲ့တဲ့နှစ်က  စာသင်နှစ်တစ်နှစ် လုံး သားဘာတွေလုပ်ခဲ့လဲ ပြန် စဉ်းစားကြည့်ပါ။ ပြီးရင် ဘယ်အ ချက်ကတော့ ငါ့ကိုစာမေးပွဲကျ စေခဲ့တာပဲဆိုတဲ့ သတိတရားနဲ့ ပြန်ပြီးဆင်ခြင်သုံးသပ်ရမယ်။ အဲ ဒီလို သုံးသပ်ပြီးရင် နောက်တစ် နှစ်ပြန်ပြီး ကြိုးစားဖို့ သားရဲ့စိတ် ကို ပြင်ဆင်ရမယ်သား။

လတ်တလော အခုအချိန်မှာ တော့ သားစိတ်ညစ်ဝမ်းနည်းနေ မယ်ဆိုတာ ဆရာနားလည်တယ်။ တစ်ရက်၊ နှစ်ရက် ဒါမှမဟုတ် တစ်ပတ်လောက်ကွာ၊ သားအား ရပါးရ စိတ်ညစ်ပစ်လိုက် ၀မ်းနည်းပစ်လိုက်။ အေး... ပြီးရင်တော့ သားရဲ့စိတ်ကို အကောင်းဆုံး ပြန် ပြီးတည်ဆောက်ပါ။ စိတ်ညစ်ရာ ကနေ စိတ်ဒဏ်ရာဖြစ်တဲ့အထိ တော့ မရောက်စေနဲ့သား။ သား ဟာ လူညံ့တစ်ယောက်မဟုတ် ဘူးဆိုတာ ဆရာယုံတယ်။ ဆရာ ယုံကြည်သလို သားကိုယ်သား လည်း ယုံကြည်လက်ခံနိုင်အောင် မာန်တင်းပြီး တည်ဆောက်ပါ။

သားရေ ... သားကအခုမှ  တစ်ကြိမ်တစ်ခါ ကျရှုံးတာပါ။ လူအများလေးစားအားကျရတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး တချို့ဆို ရင် အကြိမ်ကြိမ်ရှုံးနိမ့်ရာကနေ ကြိုးစားအောင်မြင်ခဲ့တဲ့ သာဓက တွေ ရှိတယ်သား။ ပြီးတော့ သူ တို့တွေဟာ အောင်မြင်မှုတစ်ခုရ ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြရ တယ်။

သောမတ်စ်အက်ဒီဆင်ဆို တဲ့ ပုဂ္ဂိုလ်ကြီးကို သားသိတယ်မို့ လား။ သူ့အကြောင်း နည်းနည်း ပြောပြမယ်။ အက်ဒီဆင်ဟာ ကျောင်းစတက်ပြီး တစ်လအကြာ မှာ ဆရာမက သူ့ကိုစာအိတ်လေး တစ်လုံးပေးလိုက်တယ်တဲ့။ သူ့အ မေကိုပေးဖို့ဆိုပြီးပေါ့။ ဒါနဲ့သူအိမ်ပြန်ရောက်တော့ အဲဒီစာအိတ်လေးကို သူ့အမေဆီ ပေးလိုက် တာပေါ့။ သူ့မေမေက စာအိတ် လေးကို ဖွင့်ပြီးဖတ်ပြလိုက်တယ်။ ‘‘အစ်မရဲ့သားက ဉာဏ်ပညာအ လွန်ထက်မြက်ပြီး ပါရမီရှင်တစ် ယောက်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ကျောင်းမှာ သူ့လောက် တော်တဲ့ဆရာ၊ ဆရာမတွေမရှိ ကြလို့ အစ်မပဲသူ့ကို စာသင်ပေး လိုက်ပါနော်’’ လို့ သူ့အမေက ဖတ်ပြတယ်။ ပြီးတော့ သူ့ကိုအိမ်  မှာပဲ စာသင်ပေးတယ်တဲ့။

သူ့အမေကွယ်လွန်သွားပြီး တဲ့နောက်မှာ အက်ဒီဆင်ဟာ သူ့ အမေရဲ့ သေတ္တာထဲကနေ ဟောင်းနွမ်းနေတဲ့ စာလေးတစ်စောင်ကို တွေ့လို့ ဖတ်ကြည့်လိုက်တယ်။ အဲဒီစာလေးထဲမှာ ရေးထားတာ က ‘အစ်မရဲ့သားက ဉာဏ်ရည် အလွန်နိမ့်ပါးနေပါတယ်။ သူတစ် သက်လုံး စာတတ်မှာမဟုတ်ပါ ဘူး။ ကျွန်မတို့ကျောင်းမှာ သူ့ကို လက်မခံနိုင်လို့ ဒီနေ့ကစပြီး ကျောင်းထုတ်လိုက်ပါပြီ’လို့ ရေး ထားတယ်တဲ့။ အက်ဒီဆင်အမေ ကသာ ဉာဏ်အမြော်အမြင်မရှိ ဘူးဆိုရင်၊ ပြီးတော့ အယ်ဒီဆင်ကိုသာ စာကိုအမှန်အတိုင်းပြလိုက်ရင်သူဟာ ခုလိုသိပ္ပံပညာရှင်ကြီးဖြစ်လာဖို့ မသေချာဘူး။ ကဲ...ဒီတော့သားရေ အက်ဒီဆင်လို သင်ကြားတဲ့ ဆရာတွေကတောင် မဖြစ်နိုင်ဘူးဆိုထားတဲ့ လူမျိုး တောင်မှ တကယ်တမ်းကြိုးစား လိုက်တော့ ကမ္ဘာကျော်သိပ္ပံပညာ ရှင်ကြီး ဖြစ်သေးတာပဲ။ သားလည်းဘာလို့များ မဖြစ်နိုင်ရမှာလဲကွာ။

နောက်ထပ် ဂျော့ခ်ျဝါရှင် တန်ကာဗာဆိုတဲ့ ပုဂ္ဂိုလ်ကြီးအ ကြောင်းလည်း ပြောပြချင်သေး တယ်။ အဲဒီပုဂ္ဂိုလ်ကြီးဆိုရင် သား တို့လိုစာကို အဆင်ပြေပြေ မသင် ခဲ့ရဘူး။ ဘာလို့လဲဆိုရင် သူက လူမည်းတစ်ယောက် ဖြစ်နေလို့လေ။ အဲဒီအချိန်က သူတို့နိုင်ငံမှာ လူမည်းတွေပညာသင်ခွင့် မရှိဘူး တဲ့။ သူ့မှာ မိဘတွေလည်း မရှိ ကြတော့ဘူး။ ဂျော့ခ်ျဟာ သူနေ တဲ့ခြံနဲ့ ရှစ်မိုင်လောက်ဝေးတဲ့ နီယိုရှိုမြို့ကလေးက ရှားရှားပါး ပါးဖွင့်လှစ်ထားတဲ့ လူမည်းတွေ စာသင်ခွင့်ရတဲ့ ကျောင်းကလေး မှာ ခက်ခက်ခဲခဲ စာကိုစသင်ခဲ့ရ တယ်။

အဲဒီမှာ ရသလောက်စာသင် ပြီး ဂျော့ခ်ျဟာ ရပ်တန့်မနေဘူး။ အမေရိကန်ပြည်အနောက်ပိုင်း တစ်ခွင် လှည့်လည်ပြီး ရောက် လေရာအရပ်မှာ ရရာအလုပ်လုပ် ပြီးတော့ တက်လို့ရသမျှ ကျောင်း ကိုတက်တယ်။ ဒီတစ်ကျောင်းမှာ သင်စရာစာကုန်ပြီဆိုရင် နောက် တစ်မြို့၊ တစ်ရွာ၊ တစ်နေရာကို ပြောင်းပြန်တယ်။

ဂျော့ခ်ျဟာ သူရောက်လေ ရာ အရပ်မှာ ပြဿနာကြီးသုံးခုကို ရင်ဆိုင်ရတယ်။ ဘာတွေလဲဆိုတော့ ဘယ်မှာအိပ်မလဲ၊ ဘာ တွေစားနေမလဲ၊ ကျောင်းစာအုပ် ဖိုးကို ဘယ်လိုရှာမလဲဆိုတာတွေ ပဲ။ ဒါပေမဲ့ သူကလွယ်လွယ် လက်မလျှော့ဘူး။ ရရာအလုပ်ကို လုပ်တယ်။ ထမင်းချက်တယ်။ ထင်းပေါက်တယ်။ ဥယျာဉ်မှူး လုပ်တယ်။ အ၀တ်လျှော်တယ်။ ရေမြောင်းဖောက်တယ်။ ခြံစည်း ရိုးဆေးသုတ်တယ်။ ဘယ်သူဘာ ခိုင်းမလဲ။ ခိုင်းတာသူလုပ်ပေး တယ်။

အဲဒီလို စာကိုခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ နီဂရိုးလူမည်းလေး ဟာ ပါမောက္ခကြီး၊ နိုင်ငံ့ဂုဏ် ဆောင်သမိုင်းဝင် ပုဂ္ဂိုလ်ကြီးဖြစ် လာခဲ့တယ်သား။ သားအခု စာ သင်နေရတာ အဲဒီပုဂ္ဂိုလ်ကြီးလို ခက်ခက်ခဲခဲ သင်နေရတာလား။ မဟုတ်ပါဘူးသားရယ်။ သားမှာ မိဘရှိတယ်။ စာသင်ဖို့ ကျောင်း ရှိတယ်။ စာသင်ဖို့ အခွင့်အရေး လည်း အပြည့်အ၀ရှိတယ်။ ကဲ... ဘာလိုသေးလဲ။ သားမှာသာ ကြိုးစားလိုစိတ် အပြည့်အ၀ရှိရင် မဖြစ်နိုင်စရာ လုံးဝမရှိပါဘူးသားရေ။

သားရေ ... တကယ်တော့ သားစာမေးပွဲရှုံးတာ မဟုတ်ပါ ဘူးကွာ။ သရေကျတာပါ။ ဘာလို့ လဲဆိုတော့ သားအခု န၀မတန်း ကိုမှ ပြန်ပြီး မဆင်းရတာ။ ဆယ်တန်းက ဆယ်တန်းပဲလေ။ ဒီတော့သားမရှုံးဘူး။ သရေပဲကျတာ။ နောက်တစ်နှစ်မှာ သားအနိုင်ရ မှာပါ။ ‘ငါအောင်နိုင်ရမယ်’ ဆိုတဲ့စိတ်မျိုးမွေးပြီး ကြိုးစားပစ်လိုက်စမ်းပါကွာ။

တကယ်ဆိုရင် ဆယ်တန်း စာမေးပွဲကျတယ်ဆိုတာ ဘ၀တစ်ခုလုံးကျရှုံးတာ မဟုတ်ပါဘူး။ ဒီ တော့ ဆယ်တန်းကျရှုံးတယ်ဆို ပြီး စိတ်ဓာတ်ကျငိုရှိုက်နေဖို့ မလို ပါဘူးသား။ အခုနှစ်မအောင်တာ ဟာ နောက်နှစ်မှာ ဂုဏ်ထူးတွေ နဲ့အောင်ပြီး ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ကို တက်ခွင့်ရဖို့အ ကောင်းဆုံး နောက်တစ်ဖန်ကြိုး စားနိုင်မယ့် မဟာအခွင့်အရေး သာ ဖြစ်တယ်လို့ မှတ်ယူလိုက်ပါ သား။

ဆရာ့မိတ်ဆွေတစ်ယောက် ပြောပြတဲ့ အဖြစ်အပျက်လေးတစ် ခုကို ပြောပြဦးမယ်သား။ အဲဒီ မိတ်ဆွေမှာ ၀င်းမောင်ဆိုတဲ့သူ ငယ်ချင်းတစ်ယောက် ရှိတယ်တဲ့။ ၀င်းမောင်ဟာ စာညံ့တဲ့ထဲ မပါ သလို စာတော်တဲ့ထဲလည်း မပါ ဘူး။ စာကိုအမြဲပုံမှန်လေး ကြိုး စားတယ်။ တက္ကသိုလ်ရောက်ရင် အတူတူ ကျောင်းတက်မယ်ဆိုပြီး သူငယ်ချင်းတွေ တိုင်ပင်ထားခဲ့ ကြတယ်။ ဒါပေမဲ့ အဲဒီနှစ်စာမေး ပွဲမှာ ၀င်းမောင်ဟာ စာမေးပွဲ မအောင်ခဲ့ဘူး။ ဒါပေမဲ့ သူက စိတ်ဓာတ်မကျခဲ့ဘူးတဲ့။ ‘စာမေး ပွဲကျခြင်းဟာ ငါ့အတွက် မဟာအ ခွင့်အရေးလို့ ခံယူထားတယ်’လို့ ပြောတယ်တဲ့။

တစ်နှစ်ဆိုတာ ခဏလေးနဲ့ ကုန်သွားတာပဲလေ။ ဒီလိုနဲ့ ၀င်း မောင်ဟာ နောက်နှစ်ဆယ်တန်းစာမေးပွဲကို ဂုဏ်ထူးလေးဘာသာနဲ့ အောင်ပြီး ဆေးတက္ကသိုလ်ဝင်ခွင့်ရခဲ့တယ်။ စာမေးပွဲကျတဲ့နှစ်က ကဲ့ရဲ့ကြသူတွေ၊ ပတ်ဝန်းကျင် က လူတွေဟာ ဒီတစ်ခါတော့ ၀င်းမောင်ကို ၀ိုင်းပြီးချီးကျူးကြ တယ်။ အရင်က အထင်သေးတဲ့ အကြည့်တွေနေရာမှာ အားကျ လေးစားတဲ့ အကြည့်တွေ ၀င်လာ ကြတော့တယ်တဲ့။

ကဲ..ဒီတော့သားရေ .. သား လည်းပဲ နောက်တစ်နှစ်မှာ တခြားသူတွေ အံ့သြမှင်တက်သွား အောင် လုပ်ပြလိုက်စမ်းပါ။ သား ဖြစ်ကို ဖြစ်လိမ့်မယ်လို့ ဆရာ့အနေနဲ့ ယုံကြည်စွာ တိုက်တွန်းလိုက်ပါတယ်သား။ နောက်နှစ် ဒီလိုအချိန် အောင်စာရင်းထွက်ချိန်မှာ သားကိုဂုဏ်ပြုချီးကျူးဖို့ စကား လုံးတွေကို ဆရာအခုကတည်းက စာစီထားမယ်သားရေ။ သားအား မွေးဖို့အတွက် ကဗျာလေးတစ် ပုဒ်ပါ ဆရာရေးထည့်ပေးလိုက် တယ်။ (Fighting) ဖိုက်တင်းပါ သားရေ။ 

ဒူးမထောက်တဲ့ မာန်

ငှက်တစ်ကောင်ဟာ
တစ်နေကုန်(မနားဘဲ)မပျံသန်း နိုင်တာနဲ့
ငှက်ဘ၀ကို စွန့်လွှတ်မသွားဘူး ..

ဂိုးသမားတစ်ဦးဟာ
ဂိုးတစ်ဂိုး အ၀င်ခံလိုက်ရတာနဲ့
ဂိုးသမားဘ၀ကို စွန့်လွှတ်မသွား ဘူး ..

ကြောင်တစ်ကောင်ဟာ
ကြွက်တစ်ကောင်
လွတ်သွားတာနဲ့
ကြောင်ဘ၀ကို စွန့်လွှတ်မသွား ဘူး ....

ငါ ...
ငါကကော
ဘ၀မှာ ရှုံးနိမ့်မှုတစ်ခု
ကြုံတွေ့လိုက်ရရုံနဲ့
မျှော်လင့်ချက်တွေကို
ကျောခိုင်းပစ်ရမှာလား ...
လာစမ်းပါလောကဓံ
ငါ့ခြေဖ၀ါးအောက်
ပြားပြားမှောက်စေရမယ်
ငါလှမ်းတက်ဖို့
လှေကားတစ်ခုအဖြစ်ပေါ့ ....

No comments:

Post a Comment