Tuesday, June 11, 2019

အေးသာယာ သာသနာ့လိုဏ်ဂူအတွင်းသို့ ဝင်ရောက်သွားသော လူငယ်အား ရေနစ်သေဆုံးလျက် ပြန်လည်တွေ့ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၃) ရပ်ကွက်၊ သာသနာ့ဂူတွင် ဇွန်လ ၁၀ ရက် ညနေပိုင်းက အရက်မူးပြီး ဂူအတွင်း ဝင်သွားသော လူငယ်အား ယင်းနေ့ ညပိုင်းတွင် ရေနစ်သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့ရကြောင်း သိရသည်။



အဆိုပါ လူငယ်သည် အေးသာယာမြို့၊ အမှတ် (၃) ရပ်ကွက်နေ စိုင်းကျော်လင်း (၂၃ နှစ်) ဆိုသူဖြစ်ပြီး ၎င်းသည် အရက်သေစာ သောက်စားမူးယစ်ပြီး မကြာခဏ စိတ်ဂယောင်ခြောက်ခြား ဖြစ်တတ်သူတစ်ဦး ဖြစ်ကြောင်း သိရသည်။ ယင်းလူငယ်သည် ဇွန်လ ၁၀ ရက်၊ ညနေ ၃ နာရီခန့်တွင် ဂူအတွင်း ဝင်ရောက်သွားပြီး ည ၇ နာရီ ကျော်သည်အထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသည့်အတွက် မြို့အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေလူထုမှ ဝိုင်းဝန်းရှာဖွေခဲ့ရာ ည ၉ နာရီခန့်တွင် ဂူအတွင်း သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

"အဲဒီဂူက လေးဘက်ထောက်ဝင်မှ ရတာ။ သူက အရက်မူးတော့ မသွားသင့်တဲ့ နေရာမှာ သွားတယ်ပေါ့။ အဲဒီ ဂူကို လူဝင်လို့မရအောင် ယာယီပိတ်ဖို့တော့ အစီအစဉ်ရှိတယ်။ ဘုန်းကြီးပိုင်တဲ့မြေဆိုတော့ ဘုန်းကြီးနဲ့ တိုင်ပင်ပြီး ဒီလိုနောက်ထပ် မဖြစ်ပွားအောင် အစီအမံတွေ လုပ်သွားပါမယ် "ဟု အေးသာယာနယ်မြေရဲစခန်းမှူး ဒုရဲမှူး အောင်ထွး က ကမ္ဘောဇတိုင်းသို့ပြော သည်။

“သူက စူးစမ်းရင်းနဲ့ ခြေချော်သွားတယ် ထင်တယ်။ မူးလည်း မူးနေတယ်၊ ဂူလည်း ကျဉ်းတော့ ချော်ပြီး အခန့် မသင့် လို့ ရေမွန်းပြီး သေသွားတာထင်တယ်။ ကျွန်တော်တို့် ကယ်ဆယ်ရေး ဝင်လုပ်တာတောင် အောက်ဆီဂျင် မလောက်သလို ခံစားရတယ်။ အသက်ကယ်ကြိုးတွေရော အောက်ဆီဂျင်ဘူးတွေလည်း ပါတယ်။ ရေထဲကို ဆင်းပြီး ပြန်တက်ဖို့က မလွယ်ဘူး"ဟု ၎င်းမှ ဆက်လက်ပြောကြားသည်။

သာသနာ့ဘုန်းကြီးကျောင်းဘေးရှိ လိုဏ်ဂူသည် လူသူသွားလာမှုမရှိဘဲ ဂူဝင်ပေါက် ကျဉ်းမြောင်းပြီး ၅ ပေ ပတ်လည်ခန့်ရှိကာ မိုးရာသီတွင် ဂူအတွင်းမှ ရေစိမ့်ထွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment